အသက်(၅၄)နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဟောင်း အမေရိကန်လက်ဝှေ့သမား မိုက်တိုင်ဆန်သည် ၁၅ နှစ်ကြာကင်းကွာနေသည့် လက်ဝှေ့ကြိုးဝိုင်းသို့ ပြန်လာမည်ဖြစ်ရာ လာမည့်စက်တင်ဘာ ၁၂ ရက်၌ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ Dignity Health Sports Park ၌ သရုပ်ပြပွဲအဖြစ် အမေရိကန်လက်ဝှေ့ အကျော်အမော်ဟောင်းတစ်ဦးဖြစ်သူ အသက်(၅၁)နှစ် အရွယ် မစ်ဒယ်ဝိတ်၊ စူပါမစ်ဒယ်ဝိတ်၊ လိုက်ဟဲဗီးဝိတ် နှင့် ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဟောင်း ရိုင်းဂျုံးစ်ဂျူနီယာ နှင့် ရှစ်ချီထိုးသတ်မည်ဖြစ်ကြောင်း စကိုင်းစပို့တ်က ဖော်ပြခဲ့သည်။
အားကစားနယ်ပယ်၌ ကျော်ကြားခဲ့သည့် မိုက်တိုင် ဆန်သည် လက်ဝှေ့လောက၌ ''ကမ္ဘာပေါ်တွင် အရက် စက်ဆုံးလူသား'' ဟူသည့်အမည်ကိုပင် ရရှိခဲ့သူဖြစ်ပြီး ၎င်း၏ပရိုဘဝ၌ ၅၆ ပွဲထိုးသတ်ခဲ့ရာ ပွဲ ၅ဝ နိုင်၊ ခြောက်ပွဲရှုံး မှတ်တမ်းပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၁၉၈၆ ခုနှစ်က အသက်(၂ဝ)အရွယ်ဖြင့် အသက် အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံလည်းဖြစ်ခဲ့သည်။
မိုက်တိုင်ဆန်သည် ၂ဝဝ၅ ခုနှစ်က ကီဗင်မက် ဘရိုက်နှင့် ထိုးသတ်ခဲ့ပြီးနောက် လက်ဝှေ့ကြိုးဝိုင်းနှင့် ကင်းကွာခဲ့သူဖြစ်သည်။ မိုက်တိုင်ဆန်သည် ၂ဝ၂ဝ ပြည့်နှစ် မေလအစောပိုင်းကပင် လက်ဝှေ့လေ့ကျင့် နေသည့် ဗီဒီယိုဖိုင်များကို ဆိုရှယ်မီဒီယာ၌တင်ကာ ပရိသတ်များနှင့် နီးနီးကပ်ကပ်ရှိခဲ့သည်။















