ဗီလာရီးရဲလ်သည် အာဆင်နယ်နှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသော နည်းပြအူနိုင်းအမ်မရီကို သုံးနှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း ESPN ကဖော်ပြခဲ့သည်။
ဗီလာရီးရဲလ်သည် ယခုနှစ်လာလီဂါတွင် အဆင့်(၅)နေရာ၌ ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ပြီးနောက် နည်းပြကယ်လီဂျာ၏နေရာတွင် အသက်(၄၈)နှစ်အရွယ် အမ်မရီနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။
ဗလင်စီယာနှင့် ဆီဗီလာတို့ကို နည်းပြခဲ့ဖူးသော အမ်မရီသည် ပီအက်စ်ဂျီနှင့် ပြင်သစ်လီဂူးချန်ပီယံဆု ဆွတ်ခူးခဲ့ပြီးနောက် ၂ဝ၁၈ ခုနှစ် မေလက အာစင်ဝင်းဂါး၏နေရာတွင်အစား ဝင်ကာ အာဆင်နယ်သို့ ရောက်ရှိခဲ့သူဖြစ်သည်။
အမ်မရီသည် အာဆင်နယ်၌ နည်းပြခဲ့စဉ် ရလဒ်များဆိုးရွားမှုကြောင့် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလက ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်သည်။ စပိန်လူမျိုး နည်းပြအမ်မရီသည် ဆီဗီလာနှင့် ယူရိုပါလိဂ်ဖလား သုံးကြိမ်အပါအဝင် ပီအက်စ်ဂျီနှင့် ဆုဖလားခုနစ်ကြိမ် ဆွတ်ခူးခဲ့သူဖြစ်ကြောင်း သိရသည်။















