ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၌ ဇူလိုင် ၂၃ ရက်တွင် ကျောင်းသားများစုဝေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးပြီး အစိုးရအဖွဲ့နုတ်ထွက်ကာ လွှတ်တော်ကို ဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လွတ်လပ်သော လူငယ်များအမည်ရှိ ကျောင်းသားအဖွဲ့များပါဝင်သော ကွန်ရက်သည် ဘန်ကောက်မြို့ ဆင်ခြေဖုံး၌ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ကျောင်းသားများသည် တစ်နှစ်သက်တမ်းရှိနေပြီဖြစ်သည့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဦးဆောင်သော အစိုးရအဖွဲ့နှင့်ပတ်သက်၍ မကျေနပ်သော အချက်များကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
"ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲပေးဖို့ တောင်းဆိုပါတယ်၊ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့ရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို အသိအမှတ်မပြုဘူး၊ ၂၀၁၄ မှာလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းတာရဲ့ ရလဒ်တစ်ခုဖြစ်နေတာ"ဟု ဆန္ဒပြကျောင်းသား သာနာချိုင် အောက်လူချာကပြောဆိုခဲ့သည်။
အစိုးရသည် စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ဘွဲ့ရတော့မည်ဖြစ်သော်လည်း မည်သည့်နည်းဖြင့် အသက်မွေးရမည်ကိုမသိသောကြောင့် အနာဂတ်လမ်းစပျောက်နေကြောင်း အသက် ၂၂ နှစ်အရွယ် ဆန္ဒပြသူ ဖူဖူကပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၌ စစ်မှန်သော ဒီမိုကရေစီစနစ်ကျင့်သုံးပေးရန် တောင်းဆိုလိုကြောင်း အသက် ၃၉ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးကပြောဆိုခဲ့သည်။ COVID-19 တိုက်ဖျက်ရေး လူစုလူဝေးမပြုရ ပိတ်ပင်ချက်ကို ချိုးဖောက်နေကြောင်း ရဲတပ်ဖွဲ့ဝင်များက သတိပေးထားသော်လည်း ဇူလိုင် ၂၃ ရက် နှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများကို အင်အားသုံးနှိမ်နင်းခြင်းမပြုခဲ့ချေ။
အယုဒ္ဓယ၊ ခွန်ခန်း၊ ဆာခွန်နာခွန်နှင့် ပတ္တနီတခရိုင်များတွင်လည်း အလားတူဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ လာမည့်ရုံးပိတ်ရက်များတွင် ဘန်ကောက်နှင့် အခြားခရိုင်များ၌ ဆန္ဒပြမှုများပြုလုပ်ရန် လူငယ်များက စုစည်းနေသည်။
ဇူလိုင် ၁၉ ရက်တွင် ဘန်ကောက်၌ လူ ၂၅၀၀ ခန့်ပါဝင်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးဖြစ်သည်။

















