အကျဉ်းသားချင်း ဖယ်လှယ်မှုဖြစ်စဉ် အပြီးသတ်နိုင်ပါက မွတ်စလင်အားလပ်ရက် အိဒ် အယ်လ် အဒ်ဟပွဲတော်ပြီးနောက် လာမည့်လတွင် အာဖဂန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်ထားကြောင်း တာလီဘန်အဖွဲ့က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မတ် ၁၀ ရက်တွင် ဆွေးနွေးမှုများပြုလုပ်ရန် ကနဦးတွင် စီစဉ်ထားသော်လည်း အကျဉ်းသား ဖလှယ်ရေးအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားစရာများရှိခဲ့သောကြာင့် ဆွေးနွေးပွဲမဖြစ်မြောက်ခဲ့ချေ။ အကျဉ်းသားချင်း ဖလှယ်မှုဖြစ်စဉ် ပြီးဆုံးမည်ဆိုပါက အိဒ်ပြီးနောက် အာဖဂန်သားချင်းဆွေးနွေးမှုများကို စတင်နိုင်ခြေရှိနေကြောင်း တာလီဘန်များ၏နိုင်ငံရေးအရပြောခွင့်ရှိသူ ဆူဟေး ရှာဟင်းက တွစ်တာ၌ ရေးသားခဲ့သည်။
အာဏာပိုင်များထံသို့ ပေးပို့ထားသည့် စာရင်းပါ တာလီဘန်အားလုံးကို အာဖဂန်အစိုးရက ပြန်လွှတ်ပေးမည်ဆိုပါက ၎င်းတို့ဖမ်းဆီးထားသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ပြန်လွှတ်ရန် အသင့်ရှိနေကြောင်း ဆူဟေး ရှာဟင်းကပြောဆိုခဲ့သည်။
အမေရိကန်နှင့် တာလီဘန်များကြား ရရှိခဲ့သည့် သဘောတူညီမှုအရ အာဖဂန်သားများကြား ငြိမ်းချမ်းရေးဆွေးနွေးမှုရှိလာရန်အတွက် အကျဉ်းသားချင်း ဦးစွာဖလှယ်ရမည်ဖြစ်သည်။ အမေရိကန်နှင့် တာလီဘန် သဘောတူညီမှုတွင် မပါဝင်သည့်တိုင် အာဖဂန်အစိုးရက တာလီဘန်တိုက်ခိုက်ရေသးမား ၅၀၀၀ ခန့်ကို ပြန်လွှတ်ရမည်ဖြစ်ပြီး တာလီဘန်များကလည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ ကို ပြန်လွှတ်ရမည်ဖြစ်သည်။
၎င်းတို့ဖမ်းဆီးထားသည့် တာလီဘန်အကျဉ်းသားများသည် အန္တရာယ်ရှိသော တိုက်ခိုက်ရေးသမားများဖြစ်ကြပြီး လွတ်မြောက်ပြီးမကြာမီတွင် တိုက်ပွဲပြန်ဝင်ကြလိမ့်မည်ဖြစ်ကြောင်း အာဖဂန်အမျိုးသား လုံခြုံရေးကောင်စီ၏ပြောခွင့်ရှိသူ ဂျာဗစ် ဖိုင်ဆယ်ကပြောဆိုခဲ့သည်။ ပြန်လွတ်လာသူများ အကြမ်းဖက်မှုများပြန်လည်မကျူးလွန်ပါဟု တာလီဘန်များဘက်မှ အာမခံရမည်ဖြစ်ကြောင်း ဖိုင်ဆယ်ကပြောဆိုခဲ့သည်။
ယခုအချိန်အထိ အာဖဂန်အစိုးရသည် တာလီဘန်အကျဉ်းသား ၄၄၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။ တာလီဘန်များကလည်း အစိုးရအကျဉ်းသား ၈၆၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















