နယူးဒေလီရှိ COVID-19 ကွာရန်တင်းစင်တာ၌ လိင်ပိုင်းအနိုင်ကျင့်မှုဖြစ်ပွား

နယူးဒေလီရှိ COVID-19 ကွာရန်တင်းစင်တာ၌ လိင်ပိုင်းအနိုင်ကျင့်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ COVID-19 အတည်ပြုလူနာများထားရှိသည့် သီးခြားထားရှိစောင့်ကြည့်ရေးစခန်း(ကွာရန်တင်းစင်တာ)တစ်ခု၌ အသက် ၁၄ အရွယ် မိန်းကလေးတစ်ဦးကို အခြားလူနာတစ်ဦးက လိင်ပိုင်းအနိုင်ကျင့်မှုကျူးလွန်ခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင် ပြောဆိုခဲ့သည်။

လိင်ပိုင်းအနိုင်ကျင့်သူအဖြစ် သံသယရှိသူ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် လိင်ပိုင်းအနိုင်ကျင့်မှုကို ဗီဒီယိုမှတ်တမ်းတင်ခဲ့သည့် အခြားအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ မိန်းကလေးနှင့် အဆိုပါအမျိုးသားနှစ်ဦးတို့သည် COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာကြီးကြီးမားမားမပြချေ။ ၎င်းတို့ကို အိန္ဒိယရှိ အကြီးဆုံး သီးခြားထားရှိစောင့်ကြည့်ရေးစခန်း၌ ထားရှိခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၅ ရက်တွင် အနိုင်ကျင့်မှုဖြစ်ပွားခဲ့သော်လည်း ဇူလိုင် ၂၃ ရက်မှသာ အပြင်သို့ သတင်းပေါက်ကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားပြီး အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က The Indian Express သတင်းစာကဖော်ပြခဲ့သည်။

စွပ်စွဲခံရသူနှစ်ဦးကို ဖမ်းဆီးထားသော်လည်း ၎င်းတို့သည် ရောဂါပျောက်ကင်းသည်အထိ ကုသမှုခံယူရဦးမည်ဖြစ်ကြောင်း ရဲမှူး ပါဗင်ဒါ ဆင်းကပြောဆိုခဲ့သည်။ ရေချိုးခန်းထဲတွင် လိင်ပိုင်းအနိုင်ကျင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီဒီယာများကဖော်ပြခဲ့သည်။

ကုတင် ၁၀၀၀၀ ဆန့်သည့် အဆိုပါစခန်း၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူများ၊ လက္ခဏာအနည်းငယ်သာပြသူများနှင့် နေအိမ်တွင် သီးခြားနေထိုင်ရန်မဖြစ်နိုင်သူများကို ထားရှိနေသည်။ အိန္ဒိယနိုင်ငံ၌ COVID-19 ကူးစက်သူ ၁ ဒသမ ၂ သန်းကျော်ရှိနေသည်။

လွန်ခဲ့သောအပတ်တွင် မွမ်ဘိုင်းရှိ သီးခြားထားရှိစောင့်ကြည့်ရေးစခန်း၌ အမျိုးသမီးတစ်ဦး လိင်ပိုင်း အနိုင်ကျင့်ခံခဲ့ရပြီးဖြစ်သည်။