ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအား ပိတ်သိမ်းရန် အမေရိကန်က ပိတ်သိမ်းရန် ညွှန်ကြားမှုကို ညီတူညီမျှ တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံကလည်း နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ခရိုင် ချန်တုရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းရန် ညွှန်ကြားလိုက်ပြီဖြစ်သည်။
ဟူစတန်ရှိတရုတ်ကောင်စစ်ဝန်ရုံးအား ပိတ်သိမ်းရန် အမေရိကန်က ညွှန်ကြားခဲ့ပြီး နောက် လက်တုံ့ပြန်မည်ဟု တရုတ်က သတိပေးခဲ့ပြီး ဆုံးဖြတ်ချက်ကိုလည်း ပြန်လည် စဉ်းစားရန် တရုတ်ဘက်က တိုက်တွန်းခဲ့သည်။
''အမေရိကန်ရဲ့လုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ၊ နိုင်ငံတကာဆက်ဆံရေး သတ်မှတ်ချက်တွေ၊ ကောင်စစ်ဝန်ရုံးဆိုင်ရာ တရုတ်-အမေရိကန် သဘောတူညီချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ရပ် က တရုတ်-အမေရိကန် ဆက်ဆံရေးကို စိုးရိမ်ဖွယ်ရာ ထိခိုက်ခဲ့ပါတယ်။ ချန်တုရှိနေ တဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထံကို အကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်'' ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယခုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပေကျင်းရှိ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မူ ချက်ချင်း တုံ့ပြန်မှု မရှိခဲ့ပေ။ ဝါရှင်တန်နှင့် ပေကျင်းတို့အကြား ဆက်ဆံရေးသည် ယခုနှစ်အတွင်း၌ ကုန်သွယ်မှုနှင့် COVID-19 ဆိုင်ရာ နည်းပညာကိစ္စများ၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏နယ်မြေပိုင်နက် ကျူးကျော်မှုများ၊ ဟောင်ကောင်အရေးတို့ကြောင့် ပိုမိုဆိုးရွားလာခဲ့ သည်။
တရုတ်ကွန်မြူနစ်ပါတီ လမ်းကြောင်းပြောင်းလဲလာရေး ဖိအားပေးရန်အတွက် ဖန်တီးမှုရှိပြီး ထိပ်တိုက်ဆုံသည့် နည်းလမ်းများကို အမေရိကန်ပြည်ထောင်စုနှင့် မဟာမတ်များက ကျင့်သုံးရမည်ဖြစ်ပြီး ယင်းလုပ်ဆောင်မှုသည် ယနေ့ခေတ်၏ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ဇူလိုင် ၂၃ ရက်တွင် ပြောဆိုခဲ့သည်။

















