ဗြိတိန်သည် COVID-19 အကျပ်အတည်းကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းရောက်ရှိမှသာ လွန်မြောက်နိုင်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဇူလိုင် ၂၄ ရက်တွင် ပြောဆိုခဲ့သည်။
လင်းနို့ဆီက လာတာပဲဖြစ်ဖြစ်၊ သင်းခွေချပ်က လာတာပဲဖြစ်ဖြစ်၊ ဘယ်ကပဲ လာတာပဲဖြစ်ဖြစ်၊ လူသားမျိုးနွယ်ကို အတော်ဒုက္ခပေးနေတာပဲဗျာ၊ လာမည့်နှစ် နှစ်လယ်ပိုင်းလောက်မှပဲ ဒါကို ကျော်ဖြတ်နိုင်မယ်ထင်တယ် ဟု ဂျွန်ဆင်က သတင်းထောက်များကို ပြောဆိုခဲ့သည်။
ထို့ပြင် COVID-19 ဒုတိယလှိုင်းရှိလာမည်ကို စိုးရိမ်မိကြောင်း ဂျွန်ဆင်ကပြောဆိုခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုဌာနများ COVID-19 တိုက်ဖျက်ရေးကိုအာရုံစိုက်လုပ်ဆောင်နေရပြီး နောက်ထပ်ဝန်ပိခြင်းမရှိစေရန်အတွက် နိုင်ငံသားတိုင်း တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ကြောင်း ၎င်းကတိုက်တွန်းပြောဆိုခဲ့သည်။
COVID-19 ဒုတိယလှိုင်းထပ်ဝင်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပြီး တုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းကို ဆန့်ကျင်သူများသည် စိတ်ကျန်းမာရေး မကောင်းသူများသာဖြစ်ကြောင်း ဂျွန်ဆင်ကပြောဆိုခဲ့သည်။
ဒုတိယလှိုင်းဝင်ရောက်ပါက တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဒုတိယအကြိမ်မြောက် ကူးသန်းသွားလာမှုပိတ်ပင်ခြင်းကို မလုပ်ချင်ကြောင်း ဂျွန်ဆင်က ပြောဆိုခဲ့သည်။ သို့သော် ဆောင်းရာသီရောက်ရှိလာပါက COVID-19 ကူးစက်မှုအခြေအနေပိုမိုဆိုးရွားနိုင်သဖြင့် ပိတ်ပင်ချက်များကို ပြန်လည်ချမှတ်ရန် လိုအပ်လာနိုင်ကြောင်း အစိုးရ၏သိပ္ပံပညာအကြံပေးချုပ်က ပြောဆိုခဲ့သည်။
ဒေသဆိုင်ရာအလိုက် ကူးစက်မှုရှိလာပါက ဒေသဆိုင်ရာအာဏာပိုင်များသည် ဈေးဆိုင်များကို ပိတ်သိမ်းခြင်း၊ အခမ်းအနားများကို ဖျက်သိမ်းခြင်းနှင့် အများပြည်သူဆိုင်ရာနေရာများကို ပိတ်သိမ်းခြင်းတို့ကို ပြုလုပ်ခွင့်ရှိနေသည်။

















