ဘယ်လ်ဂျီယံနိုင်ငံ၌ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် COVID-19 ဖြင့်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက် ၃ နှစ်အရွယ် မိန်းကလေးသည် COVID-19 နှင့်ဆက်စပ်သော အဆုတ်ရောင်ရောဂါကို ပြင်းပြင်းထန်ထန်ခံစားရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘယ်လ်ဂျီယံ၌ မတ်လတွင်လည်း အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦး COVID-19 ဖြင့်သေဆုံးခဲ့ပြီးဖြစ်ရာ ယခုသေဆုံးသည့် ကလေးငယ်သည် ဘယ်လ်ဂျီယံ၌ COVID-19 ဖြင့်သေဆုံးသူများအနက် အသက်အငယ်ဆုံးဖြစ်သည်။
အသက် ၁၀ နှစ်နှင့်အထက် ကလေးများသည်လည်း လူကြီးများကဲ့သို့ပင် COVID-19 ဖြင့်သေဆုံးပြီး သေဆုံးနိုင်ခြေရှိနေကြောင်း တောင်ကိုရီးယားရှိလေ့လာမှုတစ်ခုက ဖော်ပြခဲ့ပြီးဖြစ်ရာ ကလေးများကို COVID-19 မကူးစက်နိုင်ဟု သဘောထားကာ ပေါ့လျော့ခြင်းမပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပြီးဖြစ်သည်။
ဘယ်လ်ဂျီယံ၌ COVID-19 ကူးစက်သူ ၆၄၈၄၇ ဦးနှင့် သေဆုံးသူ ၉၈၁၂ ဦးရှိနေသည်။ နိုင်ငံတွင်း COVID-19 ကူးစက်သူဦးရေတိုးလာသောကြောင့် အစိုးရသည် အများပြည်သူဆိုင်ရာနေရာများ၌ သွားလာရာတွင် နှာခေါင်းစည်းမတပ်မနေရတပ်ရန်အပါအဝင် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဘယ်လ်ဂျီယံ၌ လွန်ခဲ့သော နှစ်ပတ်ကျော်အတွင်း COVID-19 ကူးစက်သူသစ်ဦးရေတိုးလာပြီး ယခုအပတ်အတွင်းရှိခဲ့သည့် COVID-19 ကူးစက်သူဦးရေသည် ဇူလိုင် ၁၄ မှ ၂၀ ရက်အထိ တစ်ပတ်အတွင်းရှိခဲ့သည့် ကူးစက်သူသစ်ဦးရေထက် ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

















