တောရိုင်းတိရစ္ဆာန်ခန္ဓာကိုယ်အစိတ်အပိုင်း မှောင်ခိုဈေးကွက်ကို နှိမ်နင်းမည်ဖြစ်ကြောင်း ဗီယက်နမ်ထုတ်ပြန်

တောရိုင်းတိရစ္ဆာန်ခန္ဓာကိုယ်အစိတ်အပိုင်း မှောင်ခိုဈေးကွက်ကို နှိမ်နင်းမည်ဖြစ်ကြောင်း ဗီယက်နမ်ထုတ်ပြန်

အာရှ၌ တောရိုင်းတိရစ္ဆာန်ခန္ဓာကိုယ်အစိတ်အပိုင်း ဝယ်ယူမှုအများဆုံးဈေးကွက်တစ်ခုဖြစ်သည့် ဗီယက်နမ်သည် တောရိုင်းတိရစ္ဆာန်အသေနှင့် အရှင်တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပြီး နိုင်ငံတစ်ဝန်းရှိ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ မှောင်ခိုဈေးကွက်များကို နှိမ်နင်းမည်ဖြစ်ကြောင်း ကြွေးကြော်လိုက်ပြီဖြစ်သည်။

အိမ်နီးချင်း တရုတ်နိုင်ငံရှိ တောရိုင်းတိရစ္ဆာန်ဈေးတစ်ခုမှ ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့ပွားခဲ့ကြောင်း ပြောဆိုမှုများရှိခဲ့ပြီးနောက် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် ရွှန်ဖူသည် တောရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက်ကို နှိမ်နင်းမည်ဖြစ်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခင်ကဆိုလျှင် ဗီယက်နမ်အာဏာပိုင်များသည် ၎င်းတို့ပိုင်နက်တွင်းနှင့် ပိုင်နက်ကိုဖြတ်ကျော်ဝင်ရောက်လာသည့် တောရိုင်းတိရစ္ဆာန်မှောင်ခိုလုပ်ငန်းများကို နှိမ်နင်းမှုမပြုဘဲ လွှတ်ထားခဲ့သောကြောင့် ယခုထုတ်ပြန်ချက်သည် တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့များအတွက် အောင်ပွဲဖြစ်ခဲ့သည်။

တောရိုင်းတိရစ္ဆာန်အသေနှင့် အရှင်၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ တင်သွင်းမှုကို ခေတ္တပိတ်ပင်ကြောင်း ဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပြီဖြစ်သည်ဟု အစိုးရဝက်ဘ်ဆိုက်၌ ဇူလိုင် ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံသားအားလုံးအနေဖြင့် တောရိုင်းတိရစ္ဆာန်တရားမဝင်ရောင်းဝယ်ဖောက်ကားသူများထံမှ ဝယ်ယူခြင်း၊ ယင်းတို့ကိုရောင်းချခြင်းတို့ကို ပြုလုပ်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဗီယက်နမ်ရှိ မှောင်ခိုဈေးကွက်များတွင် ကျားခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကြံ့ချိုများနှင့် သင်းခွေချပ်များကို မကြာခဏတွေ့ရလေ့ရှိသည်။

ယင်းအစိတ်အပိုင်းများကို တိုင်းရင်းဆေးတွင် အသုံးပြုရန်အတွက် ဝယ်ယူနေကြခြင်းဖြစ်သည်။ COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ တောရိုင်းတိရစ္ဆာန်ခန္ဓာကိုယ်အစိတ်အပိုင်း တရားမဝင်ရောင်းဝယ်ဖောက်ကားမှုကို အပြင်းထန်ဆုံးထိန်းချုပ်မှုဖြစ်ကြောင်း မှောင်ခိုတိုက်ဖျက်ရေးအဖွဲ့ Freeland က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာပေါ်တွင် တောရိုင်းတိရစ္ဆာန်ခန္ဓာကိုယ်အစိတ်အပိုင်း တရားမဝင်ဈေးကွက် အကြီးအကျယ်ဖြစ်ထွန်းနေသည့် တရုတ်နိုင်ငံသည်လည်း မကြာသေးမီနှစ်များတွင် ပိတ်ပင်ချက်များ ချမှတ်ခဲ့ပြီးဖြစ်သည်။