COVID-19 ကူးစက်ခံရသည့် ၁၀၃ နှစ်အရွယ်အမျိုးသား ဆေးရုံမှဆင်းခွင့်ရ

COVID-19 ကူးစက်ခံရသည့် ၁၀၃ နှစ်အရွယ်အမျိုးသား ဆေးရုံမှဆင်းခွင့်ရ

ပါကစ္စတန်နိုင်ငံ၌ COVID-19 ကူးစက်ခံခဲ့ရသည့် အသက် ၁၀၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ၎င်း၏ဆွေမျိုးများနှင့် ဆရာဝန်များက ပြောဆိုခဲ့သည်။

အသက် ၁၀၃ နှစ်အရွယ် အာဇစ် အက်ဘ်ဒူ အာလင်သည် နိုင်ငံမြောက်ပိုင်း တောင်တန်းထူထပ်သော ချီထရယ်စီရင်စုမှဖြစ်ပြီး ဇွန်အစောပိုင်းတွင် COVID-19 ကူးစက်ခံရပြီးနောက် လွန်ခဲ့သောအပတ်တွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

“သူ့အသက်အရွယ်နဲ့ဆိုတော့ စိုးရိမ်တာပေါ့ဗျာ၊ သူကတော့ သူ့အတွက် စိုးရိမ်ပုံမရဘူး” ဟု အာလင်၏သား အသက် ၅၅ နှစ်အရွယ် ဆိုဟေး အာမတ်က ပြောဆိုခဲ့သည်။

ဘဝတွင် အခက်အခဲများစွာကြုံခဲ့ရပြီးဖြစ်သောကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်လန့်ကြောင်း ဖခင်ဖြစ်သူကပြောဆိုခဲ့သည်ဟု အာမတ်က ပြောဆိုခဲ့သည်။

အသက် ၇၀ ကျော်အရွယ်အထိ လက်သမားဆရာအဖြစ် အသက်မွေးခဲ့သော အာလင်၏ ဇနီးသုံးဦး၊ သားနှင့်သမီးကိုးဦးတို့ သေဆုံးခဲ့ပြီးဖြစ်သည်။

ဖခင်ဖြစ်သူသည် စတုတ္ထမြောက်ဇနီးကို ကွာရှင်းပြီး လက်ရှိအချိန်တွင် ပဉ္စမဇနီးနှင့် နေထိုင်နေကြောင်း သားဖြစ်သူ အာမတ်ကပြောဆိုခဲ့သည်။

အာလင်ကို စိတ်ပိုင်းနှင့် ဘာသာတရားပိုင်းအရ ခွန်အားပေးနိုင်ရေး ကြိုးပမ်းခဲ့ရကြောင်း အဂ္ဂါခန်းဆေးရုံမှ ကျန်းမာရေးအရာရှိ ဒေါက်တာ ဆာဒါ နာဝက်ဇ်က ပြောဆိုခဲ့သည်။

ပါကစ္စတန်၌ COVID-19 ကူးစက်သူ ၂၇၀၀၀၀ ကျော်နှင့် သေဆုံးသူ ၅၇၆၃ ဦးရှိနေသည်။ ပါကစ္စတန်၌ မကြာသေးမီရက်များအတွင်း ကူးစက်သူသစ်ဦးရေကျဆင်းခဲ့သော်လည်း သြဂုတ် ၁ ရက်တွင် ကျရောက်မည့် အီးဒ်ဘာသာရေးပွဲတော်ကာလအတွင်း ကူးစက်သူပြန်တက်လာမည်ကို ကျန်းမာရေးဝန်ထမ်းများက စိုးရိမ်နေသည်။