မလေးရှား၌ နေထိုင်သူများအနေဖြင့် လူမှုမီဒီယာများတွင် ဗီဒီယိုဖိုင်များတင်ရန်အတွက် လိုင်စင်ဦးစွာလျှောက်ထားရန် လိုအပ်ကြောင်း ပြောဆိုပြီး တစ်ရက်အကြာ ဇူလိုင် ၂၄ ရက်တွင် အစိုးရသည် ရပ်တည်ချက်ပြောင်းလဲကာ လူမှုမီဒီယာများ၌ ဗီဒီယိုဖိုင်တင်ရာတွင် လိုင်စင်လျှောက်ထားစရာမလိုအပ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။
လူမှုနှင့် အစဉ်အလာမီဒီယာများတွင် ဖော်ပြသည့် ဗီဒီယိုများအတွက် လိုင်စင်လိုအပ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဆိုင်ဖက်ဒင် အဗ္ဗဒူလာက ဇူလိုင် ၂၃ ရက်တွင် ပြောဆိုခဲ့သည်။
အစိုးရသည် ဆယ်စုနှစ်များစွာကြာ သက်တမ်းရှိနေသည့် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိမှုဆိုင်ရာဥပဒေကို ချဲ့ထွင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သို့သော် ဝန်ကြီးအဖွဲ့သည် ဇူလိုင် ၂၃ ရက်ထုတ်ပြန်ချက်အတိုင်း အကောင်အထည်မဖော်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဆိုင်ဖက်ဒင်က ဇူလိုင် ၂၄ ရက်တွင် ပြောင်းလဲ ထုတ်ပြန်ခဲ့သည်။
လူမှုမီဒီယာအသုံးပြုသူများသည် တစ်တော့၊ ယူကျုနှင့် ယင်းကဲ့သို့ လူမှုမီဒီယာများကိုဆက်လက်အသုံးပြုပြီး ဗီဒီယိုဖိုင်များကို ယခင်အတိုင်းဆက်လက်တင်ခွင့်ရရှိမည်ဖြစ်ပြီး FINASက အရေးယူမည်ကို စိုးရိမ်စရာမရှိကြောင်း ဆူဖက်ဒင်ကပြောဆိုခဲ့သည်။
FINAS ဆိုသည်မှာ အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကော်ပိုရေးရှင်းဖြစ်သည်။လူမှုမီဒီယာအသုံးပြုသူများ ဗီဒီယိုဖိုင်တင်ရန်အတွက် လိုင်စင်လိုအပ်သည်ဆိုသည့် အချက်မှာ ဆင်ခြင်တုံမကျသလို ခေတ်နောက်ပြန်ဆွဲနေခြင်းလည်းဖြစ်ကြောင်း အတိုက်အခံများက ပြောဆိုခဲ့သည်။
မလေးရှားရှိ စုစုပေါင်းလူဦးရေ ၃၂ သန်းအနက် ၈၀ ရာခိုင်နှုန်းကျော်သည် လူမှုမီဒီယာများကို နေ့စဉ်အသုံးပြုနေသည်။

















