နောင်တွင်ရှိလာနိုင်သည့် အများပြည်သူကျန်းမာရေးအကျပ်အတည်းကြီးများကို ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် ဆရာဝန်အင်အားတိုးလာစေရန် လာမည့် ၁၀ နှစ်အတွင်း ဆေးကျောင်းသား ၄၀၀၀ ကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရနှင့် အာဏာရပါတီတို့က ထုတ်ပြန်ခဲ့သည်။
ကူးစက်ရောဂါများ မကြာခဏဖြစ်နေခြင်းနှင့် လူနာများအတွက် ဆေးရုံခုတင်နည်းပါးနေခြင်းတို့ရှိနေသောကြောင့် COVID-19 ထက်ပိုမိုပြင်းထန်သည့် ကူးစက်ရောဂါများကို ထိရောက်စွာတုံံ့ပြန်နိုင်ရန် ဆရာဝန်များစွာကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။
ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရသည့် ကျောင်းသားဦးရေကို တိုးမြှင့်ပြီး ဝင်ငွေနည်းသည့် ဆေးပညာဘာသာရပ်များတွင် လုပ်ကိုင်နေသည့် ဆရာဝန်များအတွက် မက်လုံးများဖန်တီးပေးခြင်း၊ ကျေးလက်ဒေသများရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင် ဆယ်စုနှစ်တစ်စုလုပ်ကိုင်ပြီးသည့် ဆရာဝန်များအား ဆုကြေးများပေးခြင်းတို့ပါဝင်သည့် အစီအစဉ်များကို ရေးဆွဲမည်ဖြစ်ကြောင်း အစိုးရက ပြောဆိုခဲ့သည်။
အထူးပြုနယ်ပယ်အချို့တွင် လေ့လာလိုက်စားသည့် ဆေးကျောင်းသားဦးရေများလာရေး မက်လုံးပေးမှုများပြုလုပ်မည်ဖြစ်ကြောင်း အာဏာရ ကိုရီးယားဒီမိုကရက်တစ်ပါတီမှ အမတ် ကင် တေးနွန်က ပြောဆိုခဲ့သည်။
လာမည့်ဆယ်နှစ်အတွင်း တစ်နှစ်လျှင် ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရသည့် ကျောင်းသားဦးရေကို ၄၀၀ အထိ တိုးမြှင့်မည့် အစီအစဉ်လည်းပါဝင်သည်။ ရောဂါဗေဒ၊ မီးယပ်နှင့်သားဖွားဗေဒနှင့် ခွဲစိတ်ကုသမှုဆိုင်ရာဘာသာရပ်များကို အထူးပြုသည့် ကျောင်းသား ၃၀၀ ခန့်အား ပညာသင်ဆုအပြည့်ပေးခြင်း၊ ကျူရှင်အတွက် ကုန်ကျစရိတ်လျော်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့(OECD) အဖွဲ့ဝင်နိုင်ငံများ၌ လူ ၁၀၀၀ လျှင် ဆရာဝန် ၃ ဒသမ ၅ ဦးရှိနေသော်လည်း ယင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တောင်ကိုရီးယား၌ လူ ၁၀၀၀ လျှင် ဆရာဝန် ၂ ဒသမ ၄ ဦးသာရှိနေကြောင်း အစိုးရက ပြောဆိုခဲ့သည်။
သို့သော် တောင်ကိုရီးယား၌ ဆရာဝန်ဦးရေ နည်းပါးခြင်းမရှိဘဲ ကျောင်းသားများအား ကျေးလက်တွင်သွားရောက်တာဝန်ထမ်းဆောင်ရန် တိုက်တွန်းခြင်းသည် အခွင့်အရေးချိုးဖောက်ခြင်းသာဖြစ်ကြောင်း ကိုရီးယားဆရာဝန်အသင်းက ဝေဖန်ပြောဆိုခဲ့သည်။

















