ယနေ့ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဇွဲကပင်တောင်ပေါ်ရှိ ကေဘယ်စီမံကိန်းအနီး အဆောက်အဦ အတွင်း လင်မယားနှစ်ဦး သေဆုံးပုပ်ပွနေမှုအပေါ် သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း မာဃလူမှုကူညီရေးအသင်းမှ ဦးယုဝိုင်က မြန်မာတိုင်းမ်ကို ပြောသည်။
" အမျိုးသမီးက ကိုယ်ဝန် ၅ လလောက်ရှိပြီ လက်မှာ အရေကြည်ဖုတွေတွေ့တယ်။ ဓာတ်လိုက်သေဆုံးတာလား မိုးကြိုး စက်ကွင်းမိပြီး သေဆုံးတာလား အမျိုးမျိုးပြောဆိုနေကြတာတွေ ရှိတယ်။ အတိအကျတော့ ရင်ခွဲစစ်ဆေးပြီးမှ သိနိုင်မယ်၊ အခုတောင်ပေါ်ကို အလောင်းသယ်တဲ့အဖွဲ့တွေပြန်ဆင်းလာကြပြီ။ ကျွန်တော်တို့လည်း တောင်အောက်မှာစောင့်နေကြတယ်" ဟု မွန်းလွဲ ၃ နာရီတွင် ဦးယုဝိုင်က ပြောသည်။
အဆိုပါ လင်မယားသေဆုံးမှုသည် ဟင်းချက်ရာမှ ဓာတ်လိုက်သေဆုံးကြောင်း၊ လွန်ခဲ့သော ၄ ရက်ခန့်က တောင်ပေါ်တွင် မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးကြောင်း လူမှုကွန်ရက်တွင် ပြောဆိုမှုများ ရှိနေသည်။
သေဆုံးသူ အမျိူးသမီးသည် ကိုယ်ဝန်၅ လခန့်ရှိပြီဖြစ်ပြီး အမျိုးသားဖြစ်သူမှာ အင်္ကျီချွတ်လျက်အနေအထားဖြင့် တစ်ဦးနှင့်တစ်ဦး ပေအနည်းစီအကွာတွင် သေဆုံးနေခြင်းဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် ကေဘယ်လ်လုပ်ငန်းခွင်မှ အစောင့်လုပ်သား ဖြစ်ပြီး မည်သည့်အချိန်က သေဆုံးခဲ့သည်ကို မည်သူမျှအတည်ပြုနိုင်ခဲ့ခြင်းမရှိဘဲ အခန်းအတွင်းမှ အပုပ်နံ့ရရှိမှသာ သေဆုံးမှုကို သိရှိရခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၄ရက်ခန့်ညပိုင်းတွင် တောင်ပေါ်၌ မိုးကြိုးများပစ်ခြင်း လျှပ်စီးများလက်ခြင်းတို့ ဖြစ်ပွားကြောင်း တောင်ပေါ် နေထိုင်သူ အလုပ်သမားများနှင့် ဘုန်းကြီးများက အတည်ပြု ပြောဆိုထားသည်။
လွန်ခဲ့သော ၁ လခန့်က ဇွဲကပင်တောင်ပေါ်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးခုန်ချသေဆုံးခဲ့ပြီး လွန်ခဲ့သည့် ၁၅ ရက်ကလည်း တက္ကသိုလ်ကျောင်းသားတစ်ဦး ခုန်ချသေဆုံးခဲ့သည်။



















