စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် နေအိမ်စင်ထိုးရန် ဂွတိုင်ခုတ်သွားရာမှ မြေးအဖွားနှစ်ဦး ရေနစ်သေဆုံးမှုကို စစ်ဆေးလျက်ရှိကြောင်း ယနေ့ဇူလိုင် ၂၆ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်၂၅ ရက် နံနက် ၈ နာရီခန့်တွင် ဆည်တိုကျေးရွာ အုပ်စု၊အင်းမကျေးရွာမှ မြေးအဖွားနှစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ ကောလင်းမြို့၊ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမျိုးသူနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ အဆိုပါကျေးရွာနေ ဒေါ်မဲ (၆၆)နှစ်နှင့် မဝေဝေမြင့် (၁၃)နှစ် တို့ဖြစ်ပြီး နေအိမ်အတွက် စင်ထိုးရန် လိုအပ်သည့် ဂွတိုင်များခုတ်ယူရန် ကျောက်မဲတောင်ဘက်သို့ ထွက်သွားရာ ည ၇ နာရီခန့်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် နေအိမ်ရှိ မြေး ၄ ဦးက ရွာခွဲခေါင်းဆောင် ဦးစောလင်းဦးထံ အကြောင်းကြားခဲ့သည်။
ရွာသားများနှင့်အတူ လိုက်လံရှာဖွေရာ ကျောက်မဲတောင်ခြေရင်းရှိ တောင်ကျရေကန် တစ်ဖက်ကမ်းတွင် သေဆုံးသူ မဝေဝေမြင့်၏ ဖိနပ်နှင့် ဂွတိုင်တို့ကို တွေ့ရှိခဲ့သည်။
အကျယ် ၁၀၀ပေ၊ အနက် ၁၀ပေခန့်ရှိ ရေကန်အတွင်း ရှာဖွေကြရာ သေဆုံးသူနှစ်ဦးတို့ကို ရေအောက်၌ (၄)ပေခန့်ခြား၍ သေဆုံးလျက်အနေအထားဖြင့် တွေ့ရှိခဲ့သည်။
အလောင်းများကို ဆယ်ယူကာ ဇူလိုင် ၂၅ ရက်တွင် ရဲတပ်ဖွဲ့သို့ အကြောင်းကြား၍ ကောလင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်၍ သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။
















