ဗီယက်နမ်နိုင်ငံ ဒါနန်း၌ COVID-19 ကူးစက်သူပြန်ရှိလာသဖြင့် အသွားအလာပြန်ကန့်သတ်

ဗီယက်နမ်နိုင်ငံ ဒါနန်း၌ COVID-19 ကူးစက်သူပြန်ရှိလာသဖြင့် အသွားအလာပြန်ကန့်သတ်

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့၌ COVID-19 အတည်ပြုလူနာနှစ်ဦးရှိလာခဲ့ပြီးနောက် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ဇူလိုင် ၂၆ ရက်မှစ၍ ပြန်လည်ချမှတ်ခဲ့သည်။

ဗီယက်နမ်၌ သုံးလကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကူးစက်သူပြန်ရှိလာခဲ့ခြင်းဖြစ်သည်။ လူဦးရေ ၁ ဒသမ ၁ သန်းရှိသော ဒါနန်းမြို့ရှိ အုပ်ချုပ်ရေးအဖွဲ့သည် လူ ၃၀ ထက်ကျော်လွန်ပြီး စုဝေးခြင်းမပြုရဆိုသည့် ပိတ်ပင်ချက်ကို ထုတ်ပြန်ခဲ့ပြီး အားကစားပွဲများ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအခမ်းအနားများကို ပိတ်ပင်ခဲ့သည်။

ထို့ပြင် အပန်းဖြေစခန်းများ၊ အလှပြင်ဆိုင်များ၊ ဘားဆိုင်များနှင့် ကလပ်များကိုလည်း ပိတ်သိမ်းရန် ညွှန်ကြားထားသည်။ ဒါနန်းမြို့နေများ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပြီး နှာခေါင်းစည်းတပ်ကာ လက်ကို မကြာခဏဆေးကြောရန်လည်း ညွှန်ကြားချက်ထုတ်ထားသည်။

ဒါနန်း၌ ဇူလိုင် ၂၅ ရက်တွင် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင်လည်း အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

နှစ်ဦးစလုံး အခြေအနေစိုးရိမ်ရပြီး အသက်ရှူစက်အကူဖြင့် နေထိုင်နေရသည်။ ဗြိတိန်လေယာဉ်မှူးကို COVID-19 ကုသပေးခဲ့သည့် ဆရာဝန်တစ်စုသည် ဒါနန်းသို့ လေယာဉ်ဖြင့်ရောက်ရှိလာပြီး အဆိုပါလူနာနှစ်ဦးကို ကုသမှုကို ညွှန်ကြားနေသည်။

သို့သော် အဆိုပါအမျိုးသားနှစ်ဦး မည်သည့်အတွက်ကြောင့် ရောဂါကူးစက်ခံခဲ့ရသည်ကို မသိရှိရသေးချေ။ လွန်ခဲ့သောလအတွင်း ယင်းအမျိုးသားနှစ်ဦးသည် မြို့ပြင်ထွက်ခြင်းမရှိခဲ့ချေ။ ဒါနန်း၌ ဧပြီကတည်းက ကူးစက်သူသစ်မရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသားနှစ်ဦးနှင့် ထိတွေ့ခဲ့သူ ရာပေါင်းများစွာတို့အား COVID-19 ရှိမရှိစစ်ဆေးခဲ့ရာ ကူးစက်ခံထားရခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။မြို့တွင်းရှိ လူထောင်ပေါင်းများစွာတို့ကို COVID-19 ရှိမရှိစစ်ဆေးမှုများပြုလုပ်နေသည်။

ဗီယက်နမ်အစိုးရသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခွင့်မပြုသေးသော်လည်း ပြည်ပတွင် သောင်တင်နေသည့် ဗီယက်နမ်နိုင်ငံသားများကို အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ယူနေကာ နိုင်ငံတကာမှကျွမ်းကျင်သူများကိုလည်း ခြွင်းချက်ဖြင့် ဝင်ရောက်ခွင့်ပြုထားသည်။

ဗီယက်နမ်သို့ရောက်ရှိလာသူများသည် နိုင်ငံတော်လက်အောက်ရှိ သီးခြားထားရှိစောင့်ကြည့်စခန်းများတွင် နေထိုင်ရမည်ဖြစ်သည်။ဗီယက်နမ်၌ COVID-19 ကူးစက်သူ ၄၁၈ ဦးနှင့် သေဆုံးသူလုံးဝမရှိသေးချေ။