COVID-19 သံသယရှိသူတစ်ဦးကြောင့် မြောက်ကိုရီးယားအစိုးရ အရေးပေါ်အစည်းအဝေးပြုလုပ်

COVID-19 သံသယရှိသူတစ်ဦးကြောင့် မြောက်ကိုရီးယားအစိုးရ အရေးပေါ်အစည်းအဝေးပြုလုပ်

COVID-19 ကူးစက်သူအဖြစ် သံသယရှိသူတစ်ဦး တောင်ကိုရီးယားမှ မြောက်ကိုရီးယားသို့ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီး ပြန်လာပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် အရေးပေါ်အစည်းအဝေးကို ပြုလုပ်ခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၌ ယခုအချိန်အထိ COVID-19 အတည်ပြုလူနာမရှိသေးသောကြောင့် ယခုအမျိုးသား COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ပါက နိုင်ငံတွင်း ပထမဆုံးလူနာဖြစ်လာမည်ဖြစ်သည်။

အဆိုပါအမျိုးသားသည် လွန်ခဲ့သော သုံးနှစ်တွင် တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံခဲ့ပြီး ယခုလအတွင်း နယ်စပ်မှတစ်ဆင့် မြောက်ကိုရီးယားသို့ပြန်လာခြင်းဖြစ်ကာ ၎င်း၌ COVID-19 ဆိုင်ရာရောဂါလက္ခဏာများကိုတွေ့ရကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

လွန်ခဲ့တဲ့ သုံးနှစ်က တောင်ပိုင်းကို သွားတဲ့ ပြည်ပြေးတစ်ယောက် ပြန်လာတယ်၊ အဲ့ဒီလူဟာ ဇူလိုင် ၁၉ ရက်မှ နယ်စပ်မျဉ်းကို တရားမဝင်ဖြတ်ကျော်ပြီး နိုင်ငံတွင်းဝင်လာခဲ့ပါတယ်၊ သူဟာ ဆိုးရွားတဲ့ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သံသယရှိပါတယ် ဟု KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

နယ်စပ်မြို့ ကေဆောင်ကိုလည်း လူဝင်လူထွက်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါအမျိုးသား၏အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းနှင့် သွေးတို့ကို အကြိမ်ကြိမ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ကာ ၎င်းကို သီးခြားထားရှိပြီး ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုလည်း စစ်ဆေးနေကြောင်း KCNA က ဆက်လက်ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားနှင့် အခြားနိုင်ငံအချို့မှ COVID-19 ရှိမရှိစစ်ဆေးသည့် ကိရိယာထောင်ပေါင်းများစွာကိုရရှိထားပြီး နယ်စပ်ကို တင်းကျပ်စွာပိတ်ဆို့ထားသည်။

မြောက်ကိုရီးယား၌ လူထောင်ပေါင်းများစွာ သီးခြားထားရှိစောင့်ကြည့်ခံခဲ့ရပြီး တင်းကျပ်မှုများကို မကြာသေးမီကမှ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။