ချန်တုရှိ ပိတ်သိမ်းရမည့် အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက်၌ လုံခြုံရေးတင်းကျပ်

ချန်တုရှိ ပိတ်သိမ်းရမည့် အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက်၌ လုံခြုံရေးတင်းကျပ်

အမေရိကန်အစိုးရက တက္ကဆပ်ပြည်နယ် ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် စီချွမ်ပြည်နယ် ချန်တုရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုလည်း ၇၂ နာရီအတွင်း ပိတ်သိမ်းရန် တရုတ်အစိုးရက ညွှန်ကြားခဲ့ပြီး ယခုရုံးပိတ်ရက်များတွင် အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက်၌ တရုတ်ရဲတပ်ဖွဲ့ဝင်များစွာကို တွေ့ရှိခဲ့ရသည်။

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးပိတ်သိမ်းမှု သက်ရောက်ခဲ့သည့် ဇူလိုင် ၂၄ ရက်အနှောင်းပိုင်းတွင် အမေရိကန်အစိုးရအရာရှိများသည် ကောင်စစ်ဝန်ရုံးအနောက်ဘက်တံခါးကို အင်အားသုံးဖွင့်ကာ ဝင်ရောက်ခဲ့ကြသည်။

ချန်တုရှိ အမေရိကန်ကောင်စစ်ဝန်ရုံးတံဆိပ်ကို ဖြုတ်ချလိုက်ပြီဖြစ်ပြီး ဝန်ထမ်းများ ရွှေ့ပြောင်းနေကြပြီဖြစ်သည်။ ပစ္စည်းရွှေ့ပြောင်းပေးသည့် ဗင်ကားသုံးစီးသည်လည်း ကောင်စစ်ဝန်ရုံးတွင်း ဝင်ရောက်ခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့ဝင်များသည် ကောင်စစ်ဝန်ရုံးရှေ့တွင် စုဝေးခဲ့ကြပြီး လူစုလူဝေးမပြုရန် ညွှန်ကြားမှုများပြုလုပ်နေသည်။

ချန်တုရှိ အမေရိကန်ကောင်စစ်ဝန်ရုံးသည် ၇၂ နာရီအတွင်း ပိတ်သိမ်းရမည်ဖြစ်သောကြောင့် ဇူလိုင် ၂၇ ရက် ဒေသဆိုင်ရာစံတော်ချိန် နံနက် ၁၀ နာရီ နောက်ဆုံးထားပိတ်သိမ်းရမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏အာဘော်ကိုဖော်ပြသည့် ဂလိုဘယ်တိုင်းမ်သတင်းစာ၏ခေါင်းကြီးပိုင်းတွင် ရေးသားထားသည်။

အမေရိကန်ကောင်စစ်ဝန်ရုံးကို ၁၉၈၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဒေသခံဝန်ထမ်း ၁၅၀ ခန့်အပါအဝင် ဝန်ထမ်း ၂၀၀ ခန့်ရှိနေကြောင်း ကောင်စစ်ဝန်ရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။