သြစတြေးလျနိုင်ငံ၌ ဇူလိုင် ၂၆ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၁၀ ဦးရှိခဲ့ပြီး တစ်ရက်အတွင်း သေဆုံးသူစံချိန်တင်ရှိခဲ့ကြောင်း သြစတြေးလျကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၆ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၁၀ ဦးရှိခဲ့သောကြောင့် နိုင်ငံတွင်း သေဆုံးသူ ၁၅၅ ဦးရှိနေပြီဖြစ်သည်။နိုင်ငံအရှေ့တောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ်၌ ဇူလိုင် ၂၆ ရက်တွင် ကူးစက်သူသစ် ၄၅၀ ကျော်ရှိခဲ့သည်။
အသက် ၄၀ ကျော်မှ ၈၀ ကျော်အရွယ်များရှိသည့် လူ ၁၀ ဦးသေဆုံးပြီး ခုနစ်ဦးသည် ဘိုးဘွားရိပ်သာများမှဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒယ်နီယယ် အန်ဒရူးစ်က ပြောဆိုခဲ့သည်။
သြစတြေးလျ၌ COVID-19 စတင်ဖြစ်ပွားသည့်အချိန်မှစ၍ တစ်ရက်အတွင်း သေဆုံးသူအများဆုံးရှိခဲ့ခြင်းဖြစ်သည်။ သြစတြေးလျ၌ COVID-19 ကူးစက်သူ ၁၄၀၀၀ ခန့်ရှိနေပြီး အခြားဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကူးစက်မှုဒဏ်ကို များစွာခံရခြင်းမရှိသေးကြောင်း ဆိုလို့ရနိုင်သည်။
သို့သော် COVID-19 ဖြစ်ပွားမှု ဒုတိယလှိုင်းကြောင့် သြစတြေးလျရရှိထားသည့် COVID-19 တိုက်ဖျက်ရေးအောင်မြင်မှုများ ပြိုလဲသွားနိုင်ခြေရှိနေသည်။
မဲလ်ဘုန်းမြို့နေ ငါးသန်းခန့်သည် လွန်ခဲ့သော ရက်သတ္တပတ်နှစ်ပတ်အတွင်း ကူးသန်းသွားလာမှုပိတ်ပင်ခံထားရသော်လည်း ကူးစက်သူသစ်ဦးရေ တိုးနေဆဲဖြစ်သည်။
မဲလ်ဘုန်းမြို့၌ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေတပ်ရမည်ဖြစ်ကာ ဗစ်တိုးရီးယားပြည်နယ်သည်လည်း လူဝင်လူထွက်ပိတ်ပင်ထားပြီးဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် စစ်သည်များသည် ပြည်နယ်နယ်စပ်များကို စောင့်ကြပ်နေပြီး သီးခြားထားရှိစောင့်ကြည့်အမိန့်နာခံခြင်းရှိမရှိ စစ်ဆေးရန် နေအိမ်များသို့သွားရောက်နေသည်။
ဗစ်တိုးရီးယားပြည်နယ်၌ ဇူလိုင် ၂၆ ရက်တွင် ကူးစက်သူသစ် ၄၅၉ ဦးရှိခဲ့သည်။ ဇူလိုင် ၂၅ ရက်တွင် ပြည်နယ်တွင်း ကူးစက်သူသစ် ၃၅၇ ဦးရှိခဲ့သည်။ သြစတြေးလျရှိ အခြားနေရာများ၌ ကူးစက်သူသစ် တစ်ဒါဇင်ခန့်ရှိခဲ့သည်။

















