အမေရိကန်ပြည်ထောင်စု၌ တစ်ရက်လျှင် COVID-19 ဖြင့်သေဆုံးသူ ၁၀၀၀ ကျော် လေးရက်ဆက်တိုက်ရှိခဲ့

အမေရိကန်ပြည်ထောင်စု၌ တစ်ရက်လျှင် COVID-19 ဖြင့်သေဆုံးသူ ၁၀၀၀ ကျော် လေးရက်ဆက်တိုက်ရှိခဲ့

အမေရိကန်ပြည်ထောင်စု၌ ဇူလိုင် ၂၄ ရက်အထိ လေးရက်ဆက်တိုက် တစ်ရက်လျှင် COVID-19 ဖြင့်သေဆုံးသူ ၁၀၀၀ ကျော်ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏ စာရင်းအင်းများအရ သိရသည်။

အမေရိကန်ပြည်ထောင်စု၌ ဇူလိုင် ၂၄ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၁၀၁၉ ဦး၊ ဇူလိုင် ၂၃ ရက်တွင် ၁၁၄၀ ဦး၊ ဇူလိုင် ၂၂ ရက်တွင် ၁၁၃၅ ဦးနှင့် ၂၁ ရက်တွင် ၁၁၄၁ ဦးရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ ဇူလိုင် ၂၄ ရက်အထိ COVID-19 ဖြင့်သေဆုံးသူ ၆၈၈၀၀ နှင့် ကူးစက်သူ လေးသန်းကျော်ရှိနေသည်။

အရီဇိုးနား၊ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါနှင့် တက္ကဆပ်ပြည်နယ်များ၌ ကူးစက်သစ်ဦးရေ မြင့်တက်နေသည်။

လွန်ခဲ့သော ရက်သတ္တပတ်လေးပတ်အတွင်း ယင်းပြည်နယ်လေးခုတို့တွင် ကူးစက်သူသစ်ဦးရေ မြင့်တက်ခဲ့သော်လည်း မကြာသေးမီရက်များမှစ၍ ကူးစက်သူသစ်ဦးရေ တည်ငြိမ်လာကြောင်း အိမ်ဖြူတော်၏ COVID-19 ဆိုင်ရာအကြံပေး ဒေါက်တာ ဒဲဘိုရာ ဘာ့စ်ကပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးနှင့် ပညာရေးအရာရှိများက ကလေးများ ကျောင်းပြန်တက်ရန် တိုက်တွန်းမှုများကို ပြုလုပ်နေသည်။

အသက် ၁၈ နှစ်အောက် ကလေးများသည် လူကြီးများလောက် ကူးစက်ခံရနိုင်ခြေမများဘဲ ကူးစက်ခံရပါကလည်း သေဆုံးနိုင်ခြေနည်းပါးကြောင်း ဘာ့စ်က ပြောဆိုခဲ့သည်။

စာသင်ကျောင်းများ ပြန်ဖွင့်ခြင်းသည် ကလေးများ၏စိတ်ပိုင်းနှင့် ခံစားမှုပိုင်းအရ အရေးကြီးပြီး ကလေးများ ကျောင်းပြန်တက်မှသာ မိဘများလည်း အလုပ်ပြန်လုပ်နိုင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းပြောဆိုခဲ့သည်။