စစ်ကိုင်းတိုင်းအတွင်း NLD၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အချို့ လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်မပါဝင်

စစ်ကိုင်းတိုင်းအတွင်း NLD၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အချို့ လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်မပါဝင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အချို့သည် လာမည့်ရွေးကောက်ပွဲအတွက် စာရင်းမတင်သဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်မပါဝင်သူအချို့ရှိသကဲ့သို့ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်ခဲ့သော်လည်း ပြန်လည်ရွေးချယ်မခံရသူများရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းအချို့ထံမှ သိရသည်။

တိုင်းဒေသကြီးဧရိယာ ကျယ်ဝန်းပြီး သဘာဝ သံယံဇာတ ပေါကြွယ်ကာ ထုတ်ယူသုံးစွဲနေသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မူလ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်၏ ၆၅ ရာခိုင်နှုန်းခန့်သာ ရွေးချယ်ခံခဲ့ရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ မူလလွှတ်တော်အမတ် အရေအတွက်၏ ၈၀ ရာခိုင်နှုန်း ပြန်လည်ရွေးချယ်ခဲ့သည်ဆိုသော်လည်း စစ်ကိုင်းတိုင်းတွင် အဆိုပါရာခိုင်နှုန်းထက် နည်းနေခြင်း ဖြစ်သည်။

မဲဆန္ဒနယ် အများဆုံး တိုင်းဒေသကြီး/ပြည်နယ်များတွင် တစ်ခုအပါအဝင် ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၌ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး မဲဆန္ဒနယ် တိုးလာသော်လည်း ပြန်လည်ရွေးချယ်ခံရသည့် လွှတ်တော်အမတ်အရေအတွက်မှာ အခြားတိုင်းနှင့်ပြည်နယ်များနှင့်နှိုင်းယှဉ်လျှင် နည်းဖွယ်ရှိနေသည်။

မြန်မာတိုင်းမ်၏ ရရှိသော အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးမှုအရ တိုင်းဒေသကြီးမဲဆန္ဒနယ် လွှတ်တော်အမတ် ၆၉ ဦးအနက် ၄၅ ဦးသာ ပြန်လည်ရွေးချယ်ခံထားရသည်။စစ်ကိုင်းတိုင်းအတွင်းတွင် ကွယ်လွန်အနိစ္စရောက်သူ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ရှိသည်ဆိုသော်လည်း ပြန်လည်ရွေးချယ်မှု အနည်းဆုံးတိုင်းဒေသကြီး ဖြစ်နိုင်ဖွယ် ရှိသည်။

အချို့ တိုင်းဒေသကြီး/ပြည်နယ်များတွင် မူလလွှတ်တော်ကိုယ်စားလှယ်များ၏ မဲဆန္ဒနယ် နယ်မြေအချို့ အပြောင်းအလဲ ထွက်ပေါ်လာသောလည်း စစ်ကိုင်းတွင် မဲဆန္ဒနယ်မှာ အပြောင်းအလဲ မရှိသလောက် နည်းပါးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများဖြစ်သည့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့ ပြန်လည် ပါဝင်လာခြင်းမရှိသည်ကို တွေ့ရသည်။

"အဓိက အချက်ကတော့ အချင်းချင်း မညီညွှတ်တာလို့ပဲ မြင်ပါတယ်။ တချို့ ပြန်အရွေးမခံရတာကတော့ အရပ်က လက်မခံတာလည်း ပါပါတယ် ။ အခုလာမယ့် ရွေးကောက်ပွဲမှာ အခုလို ဖြစ်နေတာတွေဟာ အင်န်အယ်လ်ဒီအတွက် စိုးရိမ်စရာပါ" ဟု စစ်ကိုင်းတိုင်း ကလေးမြို့ အခြေစိုက် အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက ဆိုသည်။

ယခုကဲ့သို့ ပြန်လည်ရွေးချယ်ခြင်း မခံရသည့်အပေါ် အချို့သော လွှတ်တော်ကိုယ်စားလှယ်များက အင်န်အယ်လ်ဒီအပေါ်မှာ မဲထည့်ရန် နှိုးဆော်မှုရှိခဲ့သလို အချို့သော လွှတ်တော်ကိုယ်စားလှယ်များက အင်န်အယ်လ်ဒီမှ ပါတီဝင်အဖြစ် နုတ်ထွက်ရန် စာတင်ခဲ့ကြသည်။

ကိုယ်စားလှယ်လောင်းစာရင်းတွင် မပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် တိုင်းဒေသကြီး ဆာလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပါတီဝင်အဖြစ် နုတ်ထွက်စာကို ဇူလိုင် ၂၄ ရက်၌ တင်ခဲ့ပြီးဖြစ်သည်ဟု မြန်မာတိုင်းမ်အား ပြောကြားသည်။

သူ့တွင် ပါတီစွဲနည်းကြောင်း၊ ပါတီအပေါ် တာဝန်ကျေသည်ဟု ယူဆကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ရန်မူ အခြေအနေပေါ် မူတည်သည်ဟု ဆိုသည်။

မော်လိုက်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းသည် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်ကိုင်းတိုင်းရှိ မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် မဲဆန္ဒနယ် ၇၄ နေရာအနက် ၆၉ နေရာ အနိုင်ရရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး