၂ဝ၁၉--၂ဝ အင်္ဂလန်ပရီးမီးယားလိဂ်ရာသီ သိမ်းပွဲများကို ဇူလိုင် ၂၆ရက်က တစ်ချိန်တည်း ယှဉ်ပြိုင်ခဲ့ရာ ပရိသတ်များ အထူးစိတ်ဝင်စားခဲ့သည့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို မန်ယူနှင့် ချယ်လ်ဆီးတို့ရရှိခဲ့ပြီး နောဝှစ်ချ်၊ ဝက်ဖို့ဒ်တို့နှင့်အတူ ဘုန်းမောက်မှာ ချန်ပီယံ ရှစ်သို့ တန်းဆင်းခဲ့ရကြောင်း သိရသည်။
လက်စတာသည် ပင်နယ်တီ မပေးရမီ မန်ယူဘက်သို့ ဂိုးသွင်းခွင့်များရခဲ့သော်လည်း တိုက်စစ်မှူး ဗာဒီအပါအဝင် အဓိကကစား သမားများ အဆုံးသတ်အားနည်းခဲ့သည်။မန်ယူတိုက်စစ်မှုး မာရှယ်မှာ ပွဲချိန် ၇၁မိနစ်၌ ပင်နယ်တီဧရိယာအတွင်း အရှိန်ဖြင့်ဘောလုံး ယူပြေးစဉ် လက်စတာကစားသမားနှစ်ဦး ဖျက်ထုတ်ပုံကြမ်းခဲ့၍ မန်ယူပင်နယ်တီရခဲ့ ပြီး ဘရူနိုဖာနန်ဒက်စ်က ဂိုး၏ညာဘက် ထောင့်သို့ ကန်သွင်းပေးခဲ့သည်။
ပွဲချိန် ၉၄ မိနစ်တွင် မတ်တွန်မီနေးအား ခြေစုံပစ်ဝင် ခဲ့သော လက်စတာနောက်ခံလူ အီဗန်မှာ အနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရသည်။ မန်ယူ အတွက် ဒုတိယဂိုးကို လင်ဂတ်က နောက်ဆုံး မိနစ်တွင် ဂိုးသမားရှမိုက်ကယ်၏ အမှားကို အခွင့်ကောင်းယူကာ သွင်းယူခဲ့၍ နှစ်ဂိုးပြတ် အနိုင်ရကာ ချယ်လ်ဆီးနှင့်အမှတ်တူသော် လည်း ဂိုးကွာခြားချက်ကြောင့် တတိယနေရာ ဖြင့်ရာသီသိမ်းကာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရ ခဲ့ခြင်းဖြစ်သည်။
မန်ယူသည် ယမန်နှစ်က အဆင့် ၆ ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ယခုနှစ်တွင် အကောင်းဆုံးကြိုးစားခဲ့၍ ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့သည်။
ချယ်လ်ဆီးမှာ ပထမပိုင်းပြီးလုချိန်သွင်း ဂိုးများကြောင့် ဝုလ်ကို နှစ်ဂိုးပြတ်အနိုင် ရပြီး အဆင့် ၄ ဖြင့်ပန်းဝင်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့သည်။ ရာသီသိမ်းပွဲ၌ ဝက်ဖို့ဒ်ကို သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရခဲ့သော အာဆင်နယ် သည် ၁၉၉၅ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရပ်တည်မှုဖြင့် ရာသီသိမ်းခဲ့ရပြီး အဆင့် ၈ သာရခဲ့သည်။ မန်စီးတီးမှာ နောဝှစ်ချ်ကို ငါးဂိုးပြတ်အနိုင်ရပြီး လီဗာပူးမှာ နယူးကာ ဆယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယခုနှစ် ပရီးမီးယားလိဂ် ဂိုးသွင်းအများ ဆုံး ရွှေဖိနပ်ဆုကို ၂၃ ဂိုးသွင်းခဲ့သော အင်္ဂလန် နှင့် လက်စတာတိုက်စစ်မှူးဗာဒီက ကစားသမားဘဝ ပထမဆုံးအကြိမ်ရရှိခဲ့သည်။အကောင်းဆုံးဂိုးသမားဆုကို ၁၆ ပွဲပေးဂိုး မရှိအောင် စွမ်းဆောင်ခဲ့သော မန်စီးတီး ဂိုးသမား အီဒါဆန်က ပိုင်ဆိုင်ခဲ့သည်။ဘုန်းမောက်မှာ အဲဗာတန်ကို အနိုင်ရခဲ့သော် လည်း ၃၄မှတ်ဖြင့် ၃၅မှတ်ရခဲ့သော ဗီလာ၏နောက်တွင်ရပ်တည်ကာ အဆင့်(၁၈)ဖြင့် တန်းဆင်းခဲ့ရကြောင်း သိရသည်။















