ဟောင်ကောင်၌ COVID-19 ကူးစက်သူဦးရေ တိုးလာနေသောကြောင့် လူနှစ်ဦးထက်ပိုပြီး စုဝေးခြင်းမပြုရန်၊ စားသောက်ဆိုင်များအနေဖြင့် ဝင်ရောက်သုံးဆောင်သည့် ဖောက်သည်များကို လက်မခံရန်နှင့် အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်းမတပ်မနေရတပ်ရန် အစရှိသည့်အချက်များပါဝင်သည့် စည်းမျဉ်းများကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ယခုထုတ်ပြန်ချက်များသည် ဇူလိုင် ၂၉ ရက်တွင် စတင်သက်ရောက်မည်ဖြစ်သည်။ ဟောင်ကောင်သည် စားသောက်ဆိုင်များ၌ ထိုင်ပြီး သုံးဆောင်သည့် ဖောက်သည်များကို လက်မခံရဟု ပထမဆုံးအကြိမ်ပိတ်ပင်လိုက်ခြင်းလည်းဖြစ်သည်။ စားသောက်ဆိုင်များသည် ပါဆယ်သာ ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။
အခြေအနေ စိုးရိမ်စရာရှိနေကြောင်း အတွင်းဝန်ချုပ် မက်သယူး ချွန်းကပြောဆိုခဲ့သည်။ လွန်ခဲ့သောလတွင် စားသောက်ဆိုင်များကို ညနေ ခြောက်နာရီအထိသာ ဖွင့်ရန် ညွှန်ကြားချက်ထုတ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် အားကစားခန်းမများ၊ ဖျော်ဖြေရေးဆိုင်ရာနေရာများပါအဝင် နေရာ ၁၂ မျိုးကို ဇူလိုင် ၂၈ ရက်အထိ ပိတ်သိမ်းထားရန် ညွှန်ကြားချက် ထုတ်ထားပြီးဖြစ်သည်။
နှာခေါင်းစည်းမတပ်ကြသောကြောင့် မကြာသေးမီတွင် ကူးစက်သူသစ်ဦးရေ ပြန်တက်လာခြင်းဖြစ်ကြောင်း ကျန်းမာရေးအရာရှိ ဆိုဖီယာ ချန်းက ပြောဆိုခဲ့သည်။ ဟောင်ကောင်၌ ဇန်နဝါရီကတည်းက လူ ၂၆၀၀ ကျော် COVID-19 ကူးစက်ခံခဲ့ရပြီး ၂၀ ခန့်သေဆုံးခဲ့သည်။

















