ဗီယက်နမ်ရှိ ဒါနန်းမြို့၌ COVID-19 ကူးစက်သူသစ်လေးဦးရှိနေ မြို့ရှိ ပြည်တွင်းခရီးသွား ၈၀၀၀၀ ခန့်ကို အရေးပေါ်နေရာရွှေ့ပြောင်း

ဗီယက်နမ်ရှိ ဒါနန်းမြို့၌ COVID-19 ကူးစက်သူသစ်လေးဦးရှိနေ မြို့ရှိ ပြည်တွင်းခရီးသွား ၈၀၀၀၀ ခန့်ကို အရေးပေါ်နေရာရွှေ့ပြောင်း

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ဒါနန်းမြို့၌ COVID-19 ကူးစက်သူသစ်လေးဦး စစ်ဆေးတွေ့ရှိခဲ့သောကြောင့် မြို့ရှိ ခရီးသွားအများစုအပါအဝင် လူ ၈၀၀၀၀ ကို အရေးပေါ် နေရာရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါလူ ၈၀၀၀၀ ကို ဒါနန်းမှ ဗီယက်နမ်ရှိ အခြားမြို့များသို့ လေယာဉ်များဖြင့် ရွှေ့ပြောင်းပေးမည်ဖြစ်ပြီး လေးရက်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ဗီယက်နမ်၌ COVID-19 ကူးစက်သူ တချို့ရှိနေကြောင်း ဇူလိုင် ၂၅ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းသည် ဧပြီမှစ၍ ပထမဆုံးအကြိမ်အဖြစ် ကူးစက်သူသစ်ပြန်ရှိလာခဲ့ခြင်းဖြစ်သည်။

ဒါနန်းမြို့သို့ ခရီးသွားဝင်ရောက်ခွင့် ၁၄ ရက်ပိတ်ပင်ထားသည်။ ဗီယက်နမ်သည် နယ်စပ်များကို စောစီးစွာပိတ်ဆို့ပြီး သီးခြားထားရှိစောင့်ကြည့်မှုနှင့် COVID-19 အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ထိရောက်စွာခြေရာခံနိုင်မှုတို့ကြောင့် ကူးစက်ရောဂါဖြစ်ပွားမှုကို ထိရောက်စွာတားဆီးနိုင်ခဲ့သည်။ ဗီယက်နမ်၌ COVID-19 ကူးစက်သူ ၄၀၀ ကျော်နှင့် သေဆုံးသူမရှိခဲ့ချေ။

သို့သော် ပြည်တွင်းကူးစက်မှုရပ်ဆိုင်းပြီး ရက် ၁၀၀ နီးပါးအကြာတွင် ပြည်တွင်းခရီးသွားများ လာရောက်လေ့ရှိသည့် ကမ်းရိုးတန်းမြို့ ဒါနန်း၌ ကူးစက်သူသစ် လေးဦး ပြန်ရှိလာခဲ့သည်။

ဒါနန်းမြို့နေများ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပြီး အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ကာ လက်ကိုမကြာခဏဆေးကြောရန် ဝန်ကြီးချုပ် ငုယင် ရွှန်ဖူက ဇူလိုင် ၂၇ ရက်တွင် ပြောဆိုခဲ့သည်။ COVID-19 တိုက်ဖျက်ရေးကို ပြတ်ပြတ်သားသားဆောင်ရွက်ရမည်ဖြစ်သော်လည်း တစ်မြို့လုံးကို လူဝင်လူထွက်ပိတ်ပင်ရန် ညွှန်ကြားဦးမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။

ပထမဆုံးလူနာသစ် သို့မဟုတ် လူနာအမှတ် ၄၁၆ သည် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တုပ်ကွေးရောဂါလက္ခဏာများဖြင့် ဇူလိုင် ၂၀ ရက်တွင် ဆေးကုသမှုခံယူခဲ့သည်။ ယခုအချိန်တွင် ၎င်းသည် အသက်ရှူစက်အကူဖြင့်နေထိုင်နေရပြီး အခြေအနေစိုးရိမ်ရကြောင်း ဆရာဝန်များကပြောဆိုခဲ့သည်။

အခြားကူးစက်သူသစ်သုံးဦးသည်လည်း တစ်လတာကာလအတွင်း မြို့ပြင်သို့ ခရီးသွားရာဇဝင်မရှိသူများဖြစ်ကြသည်။ ယင်းကြောင့် ၎င်းတို့မည်သည့်အတွက်ကြောင့် ကူးစက်ခံရသည်ကို မသိရသေးချေ။

စားသောက်ကုန် လုပ်ငန်းများများလွဲ၍ အရေးတကြီးမလိုအပ်သော စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းပြီး လူ ၃၀ ထက်ကျော်လွန်၍ စုဝေးခြင်းမပြုရန် ညွှန်ကြားချက် ထုတ်ထားသည်။ ဒါနန်းမြို့၌ ပြည်တွင်း ခရီးသွား ၈၀၀၀၀ အထိရှိနေပြီး ၎င်းတို့ကို အထူးလေယာဉ်များဖြင့် နေရပ်ပြန်ပို့မည်ဖြစ်ကာ နေရပ်တွင် ၎င်းတို့သည် သီးခြားထားရှိ စောင့်ကြည့်စခန်းများတွင် နေထိုင်ရမည်ဖြစ်သည်။