ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနောင်ပင်ရှိ လူတစ်သန်းကျော်သည် ရေကြီးရေလျှံမှုအန္တရာယ်နှင့် မြို့တော်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ တည်ဆောက်မှုအကျိုးဆက် စိမ့်မြေများ ဆုံးရှုံးမှုတို့ကြောင့် အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးရဖွယ်ရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဇူလိုင် ၂၇ ရက်တွင် သတိပေးပြောဆိုခဲ့သည်။
ING City မြို့သစ်တည်ဆောက်ခြင်းအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်မှုကြောင့် ဟက်တာ ၁၅၀၀ ရှိသော တွမ်ပွန်စိမ့်မြေ ၁၀ ပုံတစ်ပုံကို ဆုံးရှုံးရမည်ဖြစ်ပြီး မိသားစု ၁၀၀၀ ကျော် နေရာရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်း လှုပ်ရှားသူများ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ စိမ့်မြေများတွင် စိုက်ပျိုးပြီး ငါးဖမ်းနေသည့် မိသားစုထောင်ပေါင်းများစွာသည်လည်း စားဝတ်နေရေး ထိခိုက်မည်ဖြစ်သည်။
စိမ့်မြေတွေက ဖနောင်ပင်မှာ ရေကြီးရေလျှံမှုမဖြစ်အောင်၊ အမှိုက်စွန့်စနစ်အဆင်ပြေအောင် လုပ်ဆောင်ပေးနေတာဖြစ်တာမို့ ဒါတွေကို ဆုံးရှုံးရင် လူသန်းပေါင်းများစွာ အခက်တွေ့ရပါလိမ့်မယ် ဟု Equitable Cambodia အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ထုတ်ပြန်သည့် အစီရင်ခံစာတွင်ရေးသားထားသည်။
မဲခေါင်မြစ်အပါအဝင် မြစ်သုံမြစ်ကမ်းနဖူးတွင်တည်ရှိသည့် ဖနောင်ပင်၌ ဇွန်မှ အောက်တိုဘာအထိ မိုးရွာသီအတွင်း ရေကြီးရေလျှံမှု အကြီးအကျယ်ရှိနေသည်။ ကန်များ၊ စိမ့်မြေများ၊ လမုပင်များသည် ရေစီးဆင်းမှုကို ထိန်းမတ်ပေးပြီး ရေကြီးရေလျှံမှုကိုနည်းပါးစေကာ ရေကိုလည်း သန့်စင်စေပြီး မြေအောက်ရေပြန်ဖြည့်တင်းပေးနေကြောင်း စတော့ဟုမ်းသဘောဝပတ်ဝန်းကျင်အင်စတီကျုမှ သုတေသနပညာရှင် ဒင်း အာချာကပြောဆိုခဲ့သည်။
ဖနောင်ပင်ရှိ မြို့နယ်တချို့တွင် မြို့ပြစီမံကိန်းကို စနစ်တကျဖော်ဆောင်မှုမပြဘဲ စီမံကိန်းများကိုဖော်ဆောင်နေကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသုံးသပ်မှုများကိုလည်း ကျကျနနလုပ်ဆောင်ခြင်းမရှိကြောင်း အာချာကပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားသည် စိမ့်မြေထိန်းသိမ်းရေး နိုင်ငံတကာ ကွန်ဗင်းရှင်းကို အတည်ပြုထားသော်လည်း လွန်ခဲ့သော ၁၅ နှစ်အတွင်း စိမ့်မြေထက်ဝက်ခန့်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Wildfowl and Wetlands Trust (WWT) ကပြောဆိုခဲ့သည်။ ဖနောင်ပင်ရှိ ကန် ၂၅ ကန်အနက် ၁၅ ကို မြေဖို့ခဲ့ပြီး တွမ်ပွန်စိမ့်မြေ၏သုံးပုံတစ်ပုံကို မြေဖို့ခဲ့ပြီးဖြစ်သည်။

















