အိန္ဒိယ၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ပြီး နာလန်ထသူဦးရေ စံချိန်တင်ရှိ

အိန္ဒိယ၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ပြီး နာလန်ထသူဦးရေ စံချိန်တင်ရှိ

အိန္ဒိယနိုင်ငံ၌ ဇူလိုင် ၂၆ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ပြီး နာလန်ထပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ရသူ ၃၆၁၄၅ ဦးဖြင့် စံချိန်တင်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သို့သော် COVID-19 ကူးစက်ရောဂါ အန္တရာယ်ကြီးမားနေဆဲဖြစ်သောကြောင့် နိုင်ငံသားများ ပေါ့လျော့စွာနေထိုင်ခြင်းမပြုရန် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ဇူလိုင် ၂၆ ရက်တွင် အများပြည်သူကို သတိပေးပြောဆိုခဲ့သည်။

အိန္ဒိယ၌ ဇူလိုင် ၂၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၈၀၀၀ ကျော်ရှိခဲ့သည်။ အိန္ဒိယ၌ ဇူလိုင် ၂၆ ရက်အထိ COVID-19 ကူးစက်သူ ၁ ဒသမ ၄ သန်းနှင့် သေဆုံးသူ ၃၀၀၀၀ ကျော်ရှိနေသည်။ ဇူလိုင် ၂၆ ရက်တွင် COVID-19 ရှိမရှိ စစ်ဆေးမှု ၄၄၀၀၀၀ ကျော်ကို ပြုလုပ်နိုင်ခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံသားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပြီး နှာခေါင်းစည်း မဖြစ်မနေတပ်ရန် လိုအပ်ကြောင်း မိုဒီက လစဉ်ပြုလုပ်နေကျ အသံလွှင့်ထုတ်ပြန်မှုတွင် ပြောဆိုခဲ့သည်။ "ကိုရိုနာရဲ့ အန္တရာယ်က ရှိနေဆဲပဲ၊ နေရာတချို့မှာ လျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့နေတယ်" ဟု မိုဒီကပြောဆိုခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း COVID-19 ကူးစက်မှုသည် ကျေးလက်နှင့် မြို့ငယ်များသို့ ပျံ့နှံ့သွားခဲ့သည်။ COVID-19 ရှိမရှိစစ်ဆေးမှုများကို တိုးမြှင့်ပြုလုပ်နေသောကြောင့် လာမည့်လများတွင် ကူးစက်သူဦးရေ တိုးလာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

နိုင်ငံအနောက်ပိုင်း မဟာရာသျှတ္တရပြည်နယ်သည် COVID-19 ဒဏ်အခံရဆုံးဖြစ်ပြီး ကူးစက်သူ ၃၆၀၀၀၀ ကျော်ရှိနေသည်။ ဘဏ္ဍာရေးမြို့ မွန်ဘိုင်းနှင့် ပတ်ဝန်းကျင်မြို့ငယ်များရှိ ကူးစက်သူဦးရေသည် စုစုပေါင်းကူးစက်သူဦးရေ၏ ၆၀ ရာခိုင်နှုန်းရှိနေသည်။