တရုတ်နိုင်ငံ၌ ဇူလိုင် ၂၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၁ ဦးရှိခဲ့ပြီး ယင်းသည် ဧပြီမှစ၍ တစ်ရက်အတွင်း ကူးစက်သူသစ်အများဆုံး ရှိခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဇူလိုင် ၂၇ ရက်တွင် ပြောဆိုခဲ့သည်။
ဇူလိုင် ၂၆ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၄၁ ဦးသည် နိုင်ငံအနောက်ဖျား ရှင်ကျန်းမှဖြစ်သည်။ ရှင်ကျန်းဒေသမြို့တော် အူရွမ်ချီ၌ ဇူလိုင်လလယ်ကတည်းက အစုလိုက်အပြုံလိုက်ကူးစက်မှုရှိလာခဲ့ခြင်းဖြစ်သည်။
နိုင်ငံအရှေ့မြောက်ပိုင်း လောင်နင်းပြည်နယ်၌ ပြည်တွင်းကူးစက်သူ ၁၄ ဦးရှိခဲ့သည်။ လောင်နင်းရှိ ဒါလီယံမြို့၌ လွန်ခဲ့သောအပတ်တွင် အစုလိုက်အပြုံလိုက်ကူးစက်မှုရှိခဲ့သည်။ မြောက်ကိုရီးယားနယ်စပ်နားရှိ ချိလင်ပြည်နယ်၌လည်း COVID-19 ကူးစက်သူသစ်နှစ်ဦးရှိခဲ့သည်။ ကျန်လေးဦးသည် ပြည်ပတွင် ကူးစက်ခံရပြီးနောက် တရုတ်နိုင်ငံသို့ရောက်ရှိလာသူများဖြစ်ကြကြောင်း ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၌ ဧပြီ ၁၄ ရက်တွင် ပြည်ပတွင် ကူးစက်ခံရပြီး တရုတ်သို့ရောက်ရှိလာသူအများစုအပါအဝင် ကူးစက်သူသစ် ၈၉ ဦးဖြင့် စံချိန်တင်ရှိခဲ့သည်။ ဇူလိုင် ၂၆ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူ ၄၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည် တရုတ်အာဏာပိုင်များသည် ဒါလီယံမြို့၌ လူထောင်ပေါင်းများစွာကို COVID-19 ရှိမရှိစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။

















