မူဆယ်မြို့နယ်တွင် ကျပ် ၁၀၁၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူနှင့် ဘိန်းစိမ်းများ သယ်ဆောင်လာသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဇူလိုင် ၂၈ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။
ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်သွားပြည်ထောင် စုကားလမ်း၌ လားရှိုးမြို့ဘက်မှ မူဆယ်မြို့ဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၁)နေ ဇော်ဝင်းမိုး(ခ) လုံးပီး (၄၇ နှစ်) မောင်းနှင်ပြီး လားရှိုးမြို့၊ နမ့်ပေါင်ကျေးရွာနေသူများဖြစ်သည့် မနန်းစီ (၃၅ နှစ်)နှင့် အိုက်မစ် (၃၆ နှစ်) တို့စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ်အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် ဆာလာအိတ်နှင့် လက်ဆွဲအိတ်များအတွင်း ဆပ်ပြာခွက်များ ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈၈၀ ဂရမ် (ကျပ် ၁၇၆ သိန်း)၊ ဘိန်းစိမ်းအလေးချိန် ၈၄ ကီလို(ကျပ်သိန်း ၈၄၀ သိန်း) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
မူဆယ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















