တရုတ်အစိုးရက ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေကို အတည်ပြုခဲ့သည့်အတွက် နယူးဇီလန်သည် ဟောင်ကောင်နှင့် ချုပ်ဆိုထားသည့် အကျဉ်းသားလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို ဆိုင်းငံ့ထားမည်ဖြစ်ပြီး အခြားသော အပြောင်းအလဲများကိုလည်း ပြုလုပ်သွားမည်ဟု နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာက ဇူလိုင် ၂၈ တွင် ပြောဆိုခဲ့သည်။
''တရုတ်က အပြည့်အ၀ လွှမ်းမိုးထားမယ့် ဟောင်ကောင်ရဲ့ ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးအပေါ် နယူးဇီလန်က မယုံကြည်နိုင်တော့ပါဘူး။ တရုတ်ရဲ့ လုံခြုံရေးဥပဒေ ပြဌာန်းမှုဟာ တရားဥပဒေစိုးမိုးမှုနဲ့ တစ်နိုင်ငံ စနစ်နှစ်ခုဆိုတဲ့ ဟောင်ကောင်ရဲ့ အဆင့်အတန်းကို ဆုတ်ယုတ်လျော့ပါးသွားစေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို တရုတ်ကပေးထားတဲ့ ကတိကဝတ်တွေနဲ့လည်း ဆန့်ကျင်နေပါတယ်၊အနာဂတ်မှာ တစ်နိုင်ငံ စနစ် နှစ်ခုဆိုတဲ့ ကန့်သတ်ချက်ကို လိုက်နာမယ်ဆိုရင်တော့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ပြန်လည်စဉ်းစားပါမယ်" ဟု ပီတာက ဆိုသည်။
အနောက်နိုင်ငံများနှင့် ဟောင်ကောင်ရှိ ဆန္ဒပြသူများက ဆန့်ကျင်မှုများ ရှိသော်လည်း တရုတ်အစိုးရသည် ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ယခုလအစောပိုင်းတွင် ပြဌာန်းခဲ့သည်။
သြစတြေးလျ၊ ကနေဒါနှင့် ဗြိတိန်တို့သည် ဟောင်ကောင်နှင့် အကျဉ်းသားလွှဲပြောင်းမှု ဆိုင်ရာ သဘောတူညီမှုကို ယခုလ အစောပိုင်းတွင် ရပ်ဆိုင်းထားပြီးဖြစ်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဟောင်ကောင်အားပေးထားသည့် ကုန်သွယ်ရေးဆိုင်ရာအခွင့်ထူးခံအခြေအနေကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
နယူးဇီလန်အနေဖြင့် ဟောင်ကောင်သို့ စစ်ဘက်သုံးပစ္စည်း၊ စစ်ဘက်နှင့် အရပ်ဘက် နှစ်စုံသုံးကုန်ပစ္စည်းနှင့်နည်းပညာများ တင်ပို့မှုကိုလည်း အလားတူရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပီတာကပြောဆိုခဲ့သည်။
ဥပဒေအသစ် ပြဌာန်းခြင်းခံလိုက်ရသော ဟောင်ကောင်သို့ နယူးဇီလန် နိုင်ငံသားများ သွားရောက်မှုနှင့် ပတ်သက်၍လည်း သတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်သည်။
ဥပဒေသစ်ကြောင့် ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား ပိုမိုလွယ်ကူစွာ ဖမ်းဆီးချုပ်နှောင်ခွင့်ရရှိမည်ဖြစ်ပြီး တရုတ်ပြည်မကြီးသို့ တရားခံလွဲှပြောင်းပေးခံရနိုင်ခြေရှိနေကာ ယင်းတွင် ထောင်ဒဏ်တစ်သက်ချမှတ်ခံရဖွယ်ရှိနေကြောင်း နယူးဇီလန်အစိုးရ၏ခရီးသွားလာမှုဆိုင်ရာသတိပေးချက်တွင်ဖော်ပြထားသည်။
နယူးဇီလန်အစိုးရ၏ယခုဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်ကြောင်း နယူးဇီလန်ရှိ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

















