ဗီယက်နမ်နိုင်ငံ ဒါနန်း၌ COVID-19 ကူးစက်သူ ၁၄ ဦးအထိရှိလာပြီးနောက် မြို့တွင်း ကူးသန်းသွားလာမှုပိတ်ပင်

ဗီယက်နမ်နိုင်ငံ ဒါနန်း၌ COVID-19 ကူးစက်သူ ၁၄ ဦးအထိရှိလာပြီးနောက် မြို့တွင်း ကူးသန်းသွားလာမှုပိတ်ပင်

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ ဒါနန်းမြို့၌ COVID-19 ကူးစက်သူသစ် ၁၄ ဦးရှိလာပြီးနောက် အာဏာပိုင်များသည် မြို့တွင်း ကူးသန်းသွားလာမှုကိုပိတ်ပင်ပြီး မြို့သို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်နှင့် မြို့မှထွက်ခွာသည့် လေယာဉ်ခရီးစဉ်အားလုံးကို ဇူလိုင် ၂၈ ရက်မှစ၍ ခေတ္တရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။

ထို့ပြင် အစိုးရသည် မြို့သို့ ဝင်ရောက်နှင့် မြို့မှထွက်ခွာသည့် ဘတ်စ်ကားခရီးစဉ်နှင့် ရထားခရီးစဉ်အားလုံးကိုလည်း ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။ COVID-19 တိုက်ဖျက်ရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သောကြောင့် ဧပြီအကုန်ကတည်းက ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ရုပ်သိမ်းခဲ့ရာ ကမ်းခြေမြို့ဖြစ်သည့် ဒါနန်းသို့ ခရီးသွားများ စုပြုံဝင်ရောက်ခဲ့သည်။

မြို့တွင်းရှိ ဘတ်စကားနှင့် တက္ကစီပြေးဆွဲမှုများအပါအဝင် ကူးသန်းသွားလာမှုအားလုံးကို ရပ်ဆိုင်းထားသည်။ ဗီယက်နမ်၌ ပြည်တွင်း ကူးစက်မှုမရှိသည်မှာ ရက် ၁၀၀ နီးပါးရှိခဲ့ပြီးနောက် မကြာသေးမီရက်များအတွင်း ကူးစက်သူသစ်များပြန်ရှိလာခဲ့ခြင်းဖြစ်သည်။

အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း ဇူလိုင် ၂၅ ရက်တွင် စစ်ဆေးတွေ့ရှိပြီးနောက် နောက်ထပ်ကူးစက်သူ တစ်ဒါဇင်ကျော်ရှိလာခဲ့သည်။

ဒါနန်းရှိ ပြည်တွင်းခရီးသွားအများစုအပါအဝင် လူ ၈၀၀၀၀ ခန့်ကို မွေးရပ်ပြည်နယ်များသို့ ပြန်ပို့ရန်အတွက် ပြည်တွင်းလေကြောင်းခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးရန် အစိုးရက ဗီယက်နမ်အရပ်ဘက်ပျံသန်းရေးအာဏာပိုင်အဖွဲ့ကို ဇူလိုင် ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။

ယခုအချိန်တွင် အရေးပေါ်နေရာရွှေ့ပြောင်းမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အရပ်ဘက်ပျံသန်းရေးအာဏာပိုင်အဖွဲ့ဒုတိယအကြီးအကဲ ဗိုဟူဆွန်က ပြောဆိုခဲ့သည်။

ဒါနန်းရှိ COVID-19 ကူးစက်သူသစ်များသည် ဆေးရုံသုံးရုံနှင့်ဆက်စပ်နေပြီး ၎င်းတို့ကို ဇူလိုင် ၂၈ ရက်အစောပိုင်းမှ အချိန်အကန့်အသတ်မရှိ လူဝင်လူထွက်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဒါနန်းမြို့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့သည်။

မြို့တွင်းနေထိုင်သူများသည် တတ်နိုင်သရွေ့အပြင်မထွက်ဘဲနေရမည်ဖြစ်ပြီး အများပြည်သူဆိုင်ရာနေရာများတွင် နှစ်ဦးထက်ပိုပြီး စုဝေးခွင့်မရှိကြောင်း အစိုးရက ကြေညာချက်ထုတ်ထားသည်။

ဒါနန်းရှိ လူနာသစ်များအပါအဝင် ဗီယက်နမ်၌ COVID-19 ကူးစက်သူ ၄၃၁ ဦးရှိနေပြီး သေဆုံးသူမရှိသေးချေ။ ဒါနန်းရှိ ကူးစက်သူသစ်နှစ်ဦးသည် အခြေအနေစိုးရိမ်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။