မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် စွဲချက် ခုနစ်မှုလုံး အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် စွဲချက် ခုနစ်မှုလုံး အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်သည် နိုင်ငံပိုင်ဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB ထံမှ ရင်းဂစ်သန်းပေါင်းများစွာကို ၎င်း၏ငွေစာရင်းထဲသို့ ပြောင်းလဲထည့်သွင်းခဲ့ကြောင်း စွပ်စွဲချက်အပါအဝင် စွပ်စွဲချက် ခုနစ်ခုလုံးတွင် အပြစ်ရှိကြောင်း တရားသူကြီးတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

နာဂျစ် ရာဇတ်သည် စွပ်စွဲခံထားရသည့် ပြစ်မှုအားလုံးကို ကျူးလွန်ခဲ့ကြောင်း အစိုးရရှေ့နေများက သံသယကင်းသည်အထိသက်သေပြနိုင်ခဲ့သောကြောင့် စွပ်စွဲခံရသူကို ပြစ်မှုခုနစ်မှုလုံးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်ဟု အထက်ရုံးတရားသူကြီး မိုဟာမတ် နာဇ်လန် မိုဟာမတ် ဂါဇလီက ပြောဆိုခဲ့သည်။

၂၀၀၉ မှ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နာဂျစ်သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် 1MDB ထဲမှ ရင်းဂစ် ၄၂ သန်း( ဒေါ်လာ ၉ ဒသမ ၈ သန်း) ကို ၎င်း၏ငွေစာရင်းထဲသို့ လွဲှပြောင်းထည့်သွင်းခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

နာဂျစ်သည် ရာဇဝတ်မှုမြောက်သည့် ယုံကြည်မှုချိုးဖောက်မှုသုံးမှု၊ ငွေမည်းခဝါချမှုသုံးမှုနှင့် အာဏာအလွဲသုံးစားမှုတစ်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

တစ်နိုင်ငံလုံးတွင် ကူးသန်းသွားလာမှုပိတ်ပင်ထားသောကြောင့် အမှုသည်သည် မည်သည့်နေရာကိုမျှ သွားနိုင်မည်မဟုတ်သဖြင့် ပြစ်ဒဏ်ချမှတ်မှုကို သြဂုတ် ၃ ရက်အထိ ရွှေ့ဆိုင်းပေးရန် နာဂျစ်၏ရှေ့နေ မိုဟာမတ် ရှာဖီး အဗ္ဗဒူလာက တရားသူကြီးက ဆုံးဖြတ်ပြီးနောက် ပြောဆိုခဲ့သည်။

သို့သော် ပြစ်ဒဏ်ချမှတ်မှုကို ရွှေ့ဆိုင်းရန်မဖြစ်နိုင်ကြောင်း တရားသူကြီးက ပြောဆိုခဲ့သည်။ ယခုရုံးတင်မှုအပြင် နာဂျစ်သည် 1MDB နှင့်ဆက်စပ်သော အခြားတရားစွဲဆိုမှုနှစ်မှုနှင့်လည်း ကြုံတွေ့နေရသည်။

ရင်းဂစ် ၂၇ သန်းကို ငွေမည်းခဝါချခဲ့မှုဖြင့် နာဂျစ်သည် လာမည့်နှစ် ဇူလိုင် ၅ ရက်တွင် ရုံးတင်စစ်ဆေးခံရဦးမည်ဖြစ်သည်။