ပြင်သစ်မှ ဝယ်ယူသည့် Rafale တိုက်လေယာဉ်များအနက် ပထမအသုတ်ငါးစင်း အိန္ဒိယသို့ ဦးတည်ထွက်ခွာ

ပြင်သစ်မှ ဝယ်ယူသည့် Rafale တိုက်လေယာဉ်များအနက် ပထမအသုတ်ငါးစင်း အိန္ဒိယသို့ ဦးတည်ထွက်ခွာ

ပြင်သစ်ထံမှ ဝယ်ယူသည့် Rafale တိုက်လေယာဉ်များအနက် ပထမအသုတ်ငါးစင်းသည် ဇူလိုင် ၂၇ ရက်တွင် ပြင်သစ်မှ အိန္ဒိယသို့ ဦးတည်ထွက်ခွာလာပြီဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဒေါ်လာ ၉ ဒသမ ၄ ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်များ ဝယ်ယူမှုတွင် အကျင့်ပျက်ခြစားမှုများရှိခဲ့ကြောင်း အတိုက်အခံ ကွန်ဂရက်ပါတီက စွပ်စွဲပြောဆိုခဲ့သော်လည်း ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီကမူ စွပ်စွဲမှုများ အခြေအမြစ်မရှိကြောင်း ပြောဆိုခဲ့သည်။

တိုက်လေယာဉ်များကို Dassault Aviation က တည်ဆောက်ခြင်းဖြစ်ပြီး အိန္ဒိယလေတပ်မှ အရာရှိများက မောင်းနှင်လာခြင်းဖြစ်သည်။ တိုက်လေယာဉ်ငါးစင်းသည် ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း မာရီနက်မှ ထွက်ခွာလာပြီဖြစ်ကြောင်း လေယာဉ်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၉ ရက်တွင် တိုက်လေယာဉ်များသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အမ်ဘာလာလေတပ်စခန်းသို့ရောက်ရှိမည်ဖြစ်သည်။ အမ်ဘာလာလေတပ်စခန်းသည် ပါကစ္စတန်နှင့် တရုတ်နယ်စပ်တို့မှ ကီလိုမီတာ ၂၀၀ ခန့် အကွာတွင်တည်ရှိသည်။

တိုက်လေယာဉ်များသည် လမ်းတစ်လျှောက်တွင် အကြိမ်ကြိမ်လောင်စာဖြည့်တင်းမည်ဖြစ်ပြီး ပြင်သစ်က လေတပ်စခန်းတည်ဆောက်ထားသော အာရပ်စော်ဘွားများနိုင်ငံရှိ အယ်လ် ဓာဖရာ၌ ခေတ္တရပ်နားမည်ဖြစ်သည်။

တိုက်လေယာဉ်များနှင့်အတူ ပြင်သစ်လေတပ်မှ A330 Phenix MRTT လောင်စာဖြည့်တင်းရေးလေယာဉ်နှစ်စင်းလိုက်ပါလာမည်ဖြစ်သည်။ လေယာဉ်တစ်စင်း၌ အသက်ရှူအကူစက် ၇၀ ၊ COVID-19 ရှိမရှိစစ်ဆေးသည့် ကိရိယာ ၁၀၀၀၀ နှင့် ကျန်းမာရေးပညာရှင် ၁၀ ဦးတို့လိုက်ပါလာမည်ဖြစ်သည်။

ယင်းပညာရှင်များသည် အိန္ဒိယ၌ COVID-19 တိုက်ဖျက်ရေးတွင် အကူအညီပေးမည်ဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ Rafale တိုက်လေယာဉ် ၃၆ စင်းဝယ်ယူရန် အိန္ဒိယသည် ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် အမှာစာပို့ခဲ့သည်။

လေယာဉ်များကို အောက်တိုဘာတွင် စတင်ပေးပို့ရမည်ဖြစ်သော်လည်း လေယာဉ်မှူးများနှင့် စက်ပြင်များကို လေ့ကျင့်သင်ကြားပေးရဦးမည်ဖြစ်သောကြောင့် ပြင်သစ်မှ အိန္ဒိယသို့ ယခုမှသာ စတင်ပို့ဆောင်နိုင်ခြင်းဖြစ်သည်။လေယာဉ်များပေးပို့မှုသည် ၂၀၂၂ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်သည်။