တရုတ်၌ ဇူလိုင် ၂၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၈ ဦးရှိခဲ့

တရုတ်၌ ဇူလိုင် ၂၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၈ ဦးရှိခဲ့

တရုတ်နိုင်ငံတွင် ဇူလိုင် ၂၇ ရက်၌ COVID-19 ကူးစက်သူသစ် ၆၈ ဦးရှိခဲ့ပြီး ၄ ရက်ဆက်တိုက် ကူးစက်သူသစ်များပြားခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်သည် ယခုလတွင် COVID-19 ကူးစက်သူ ပြန်လည်ခေါင်းထောင်လာမှုနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအနောက်ဖျားပိုင်း ရှန်ကျန်းဒေသနှင့် အရှေ့မြောက်ပိုင်းတို့၌ ကူးစက်သူဦးရေ မြင့်တက်နေသည်။

ဇူလိုင်လ ၂၇ ရက် ကူးစက်သူသစ်တွေ့ရှိမှုတွင် ၅၇ ဦးမှာ ရှင်ကျန်းဒေသမှဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် ရှင်ကျန်း၌ ကူးစက်သူသစ် စတင်တွေ့ရှိခဲ့သည့် ဇူလိုင် ၁၆ ရက်မှစ၍ ဇူလိုင် ၂၇ ရက်အထိ ကူးစက်သူသစ် ၂၃၅ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ရှင်ကျန်း၌ ဈေးဝယ်စင်တာ တစ်ခုတွင် အလုပ်လုပ်သော အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး COVID-19 စတင်ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်း မည်သည့်အတွက်ကြောင့် ကူးစက်ခံရသည်ကို မသိရှိရသေးချေ။

နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်၌ ဇူလိုင် ၂၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၆ ဦး ရှိခဲ့သည်။ လျောင်နင်း၌ ဇူလိုင် ၂၂ တွင် COVID-19 ကူးစက်သူစတင်ရှိလာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ အရှေ့ဘက်ရှိ ဒါလီယန်မြို့တွင် ကူးစက်မှုအများဆုံးရှိနေသည်။

ဒါလီယန်မြို့တွင် ပထမဆုံးရှိခဲ့သည့် COVID-19 ကူးစက်ခံရသူမှာ ပင်လယ်စာကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း၌ မြို့ပြင်ထွက် ခရီးသွားလာခြင်းမရှိခဲ့ပေ။

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ရှင်ကျန်းနှင့် ဒါလီယန်မြို့များတွင် လူသန်းပေါင်းများစွာကို ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ ပြုလုပ်ပေးနေသည်။

ပေကျင်းရှိ ကူးစက်သူသစ် နှစ်ဦးအနက် တစ်ဦးမှာ ဒါလီယန်မြို့နှင့် ဆက်စပ်နေပြီး ကျန်တစ်ဦးမှာ ပြည်ပခရီးသွားရာဇဝင်ရှိသူဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ရက်သတ္တပတ်သုံးပတ်ကျော် ကာလအတွင်း ပေကျင်းမြို့အတွက် ပထမဆုံးပြန်ရှိလာသည့် ကူးစက်သူသစ်များ ဖြစ်ကြသည်။ဇူလိုင် ၂၇ ရက်တွင် နိုင်ငံအရှေ့မြောက်ပိုင်း ချိလင်ပြည်နယ်၌ COVID-19 ကူးစက်သူသစ် နှစ်ဦးရှိခဲ့သည်။