လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြေအောက်ရေလှောင်ကန်အတွင်း သန့်ရှင်းရေးလုပ်ကိုင်ရာမှ လူနှစ်ဦး အသက်ရှူကျပ် သေဆုံးခဲ့ကြောင်း ယနေ့ဇူလိုင် ၂၉ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်၂၈ ရက် ညနေ ၆ နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းကျေးရွာ၌ ရေလှောင်ကန် သန့်ရှင်းရေးလုပ်သူနှစ်ဦးသေဆုံးကြောင်းသတင်းအရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ ရဲအုပ်ဝဏ္ဏဝင်း နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ရွှေလင်ပန်းကျေးရွာ ရွှေပဒေသာ ၂ လမ်းရှိ နေအိမ်တစ်ခုတွင် မြေအောက်ရေလှောင်ကန်အသစ်၌ ရေလဲလှယ်ရန် အလျား ၇ ပေ အနံ ၅ ပေ အနက် ၇ ပေခန့် ရေလောင်ကန်အတွင်းသို့ ပန်းရံလုပ်ကိုင်သူများဖြစ်သည့် ရွှေလင်ပန်းကျေးရွာနေ အောင်မြင့်ထက်(ခ)သံချောင်း(၁၇ နှစ်)၊ ကိုရဲ (ခ) ရဲသီဟ(၂၉ နှစ်)၊ လှိုင်မင်းဝင်း (ခ) ကတုံး(၃၂)နှစ်နှင့် ဝေယံမင်း(ခ)အရှည်ကြီး(၂၆)နှစ်တို့ ၄ ဦးက ဆင်းခဲ့ကြသည်။
ကန်အတွင်းသို့ရောက်စဉ် အသက်ရှူကျပ်သဖြင့် ၎င်းတို့ မူးဝေလဲကျသွားခဲ့သောကြောင့် အနီးရှိသူများက ကန်အတွင်းမှ ဆယ်ယူကာ လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ထိုသို့ပို့ဆောင်စဉ် အောင်မြင့်ထက်(ခ)သံချောင်းနှင့် လှိုင်မင်းဝင်း (ခ) ကတုံးတို့ နှစ်ဦးမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သေဆုံးသွားခဲ့သည်။
၎င်းတို့ နှစ်ဦးကို လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ရာ ပီအာရ် ၀၄ နှင့် ၀၅ တို့ဖြင့် လက်ခံခဲ့ပြီး လှိုင်သာယာ(အရှေ့)ပိုင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂၉/၂၀၂၀)အရ စစ်ဆေးခဲ့သည်။
















