အိန္ဒိယနိုင်ငံရှိ အဆင်းရဲဆုံးပြည်နယ်နှစ်ခု၌ မေလကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှုကြောင့် လူ ရှစ်သန်းခန့် အိမ်ခြေရာမဲ့ဖြစ်ရပြီး လူ ၁၁၁ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း အစိုးရအရာရှိများက ဇူလိုင် ၂၈ ရက်တွင် ပြောဆိုခဲ့သည်။
နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ဗြဟ္မပုတ္တရမြစ်ရေသည် စိုးရိမ်ရေမှတ်ကိုကျော်လွန်နေပြီဖြစ်သည်။ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌လည်း မိုးသည်းထန်စွာရွာသွန်းနေသည်မှာ ရက်အနည်းငယ်ရှိခဲ့ပြီဖြစ်သည်။
မုတ်သုံရာသီစတင်ခဲ့သည့် ဇွန် ၁ ရက်မှစ၍ အာသံ၌ မိုးရေချိန်သည် နှစ် ၅၀ အတွင်းရှိခဲ့သည့် မိုးရေချိန်ထက် ၁၅ ရာခိုင်နှုန်းပိုမိုများပြားခဲ့ပြီး ဘီဟာ၌ ၄၇ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်ခဲ့သည်။
အာသံ၌ ရေကြီးရေလျှံမှုကြောင့် အမျိုးသားဥယျာဉ်ရှိ ဦးချိုတစ်ချောင်းရှိ ကြံ့ကိုးကောင်သေဆုံးခဲ့ပြီးဖြစ်ကာ လူ ၅ ဒသမ ၇ သန်း ရေဘေးသင့်ခဲ့ရပြီးဖြစ်သည်။ ၎င်းတို့အနက် ၄၅၀၀၀ ကျော်သည် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်။
ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လူ ၂ ဒသမ ၄ သန်းကျော် ထိခိုက်နစ်နာခဲ့ရပြီး ၎င်းတု့ိအနက် ၁၂၈၀၀ ခန့်သည် အစိုးရခိုလှုံရေးစခန်းများတွင် နေထိုင်နေရသောကြောင့် COVID-19 ကူးစက်သူလျှော့ချရေးလုပ်ဆောင်မှုများ ထိခိုက်ခဲ့ရသည်။ ဘီဟာပြည်နယ်၌ COVID-19 ကူးစက်သူ ၄၁၀၀၀ ကျော်နှင့် သေဆုံးသူ ၂၅၅ ဦးရှိနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနကပြောဆိုခဲ့သည်။
ဘီဟာရှိ COVID-19 လူနာဦးရေသည် မျှော်မှန်းထားသည်ထက် ပိုမိုများပြားနေပြီး ရေကြီးရေလျှံမှုနှင့် ကူးစက်ရောဂါတို့ကြောင့် အခြေအနေပိုမိုဆိုးရွားနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနအကြီးအကဲ နီဗင်း ချန်ဒရာ ပရာဆတ်ကပြောဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် အာသံသည်လည်း COVID-19 ကူးစက်သူအများဆုံးရှိလာမည့် စက်တင်ဘာအတွက် ပြင်ဆင်မှုများပြုလုပ်နေသည်။ အာသံ၌ COVID-19 ကူးစက်သူ ၃၃၅၀၀ ကျော်နှင့် သေဆုံးသူ ၈၆ ဦးရှိနေသည်။

















