တရုတ်၌ ဇူလိုင် ၂၈ ရက်တွင် COVID-19 ကူးစက်သူ စံချိန်တင်ရှိခဲ့

တရုတ်၌ ဇူလိုင် ၂၈ ရက်တွင် COVID-19 ကူးစက်သူ စံချိန်တင်ရှိခဲ့

တရုတ်နိုင်ငံ၌ ဇူလိုင် ၂၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀၁ ဦးရှိခဲ့ပြီး ယင်းသည် သုံးလတာကာလအတွင်း တစ်ရက်လျှင်ရှိခဲ့သည့် ကူးစက်သူသစ်ဦးရေများအနက် အများဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကူးစက်သူသစ်များအနက် ၉၈ ဦးသည် ပြည်တွင်းကူးစက်သူများဖြစ်ကြပြီး အများစုသည် နိုင်ငံအနောက်ဖျားရှိ ရှင်ကျန်းဒေသမှဖြစ်သည်။ ရှင်ကျန်းဒေသ၌ ဇူလိုင်အစောပိုင်းတွင် ကူးစက်သူ အစုလိုက်အပြုံလိုက်ရှိခဲ့ပြီးနောက် အာဏာပိုင်များသည် COVID-19 ရှိမရှိစစ်ဆေးမှုများကို အကြီးအကျယ်ပြုလုပ်ခဲ့ရသည်။ ကူးစက်သူသစ်များအနက် သုံးဦးသည် ပြည်ပတွင် ကူးစက်ခံရပြီးနောက် တရုတ်သို့ရောက်ရှိလာသူများဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် COVID-19 ကူးစက်မှုစတင်ခဲ့သည့် တရုတ်နိုင်ငံသည် ကူးသန်းသွားလာမှုကို တင်းကျပ်စွာပိတ်ပင်ခြင်း၊ COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်းနှင့် ထိရောက်စွာကုသပေးခြင်းတို့ကြောင့် ပြည်တွင်းကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ဒေသအလိုက် ကူးစက်သူပြန်ရှိလာနေသောကြောင့် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် မလွယ်ကူကြောင်း သိသာထင်ရှားလာခဲ့သည်။

ဧပြီ ၁၃ ရက်တွင် ကူးစက်သူ ၁၀၈ ဦးဖြင့် စံချိန်တင်ခဲ့ပြီးဖြစ်သည်။ ဇူလိုင် ၂၈ ရက်အထိ တရုတ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၈၄၀၆၀ ဦးနှင့် သေဆုံးသူ ၄၆၃၄ ဦးရှိနေသည်။ ဇူလိုင် ၂၈ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူ ၂၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။