နာပိုလီနှင့် ပွဲမတိုင်မီ ဂရစ်ဇ်မန်းနှင့် ဒမ်ဘီလီတို့ လေ့ကျင့်ခန်းပြန်ဆင်း

နာပိုလီနှင့် ပွဲမတိုင်မီ ဂရစ်ဇ်မန်းနှင့် ဒမ်ဘီလီတို့ လေ့ကျင့်ခန်းပြန်ဆင်း

ဒဏ်ရာကြောင့် အနားယူခဲ့ရသော ဘာစီလိုနာတိုက်စစ်မှူးနှစ်ဦးဖြစ်သည့် ဂရစ်ဇ်မန်းနှင့်ဒမ်ဘီလီတို့သည် အသင်း လေ့ကျင့်ခန်းအစီအစဉ်၌ ပြန်လည်ပါဝင် ကာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဂိုးလ် ကွန်က ဖော်ပြခဲ့သည်။

အသက်(၂၉)နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ဇူလိုင် ၁၁ ရက်က ဗယ်လာဒိုးလစ်အား အနိုင်ရခဲ့သည့်ပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းကစားခဲ့သော လာလီဂါလက်ကျန် နှစ်ပွဲကို လွဲချော်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာပြန်ကောင်းလာ၍ အသင်းနှင့်ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်။

လာလီဂါပြိုင်ပွဲ ပြီးဆုံးပြီးနောက် ဘာစီလိုနာသည် ဇူလိုင် ၂၈ ရက်က လေ့ကျင့်ခန်းအစီအစဉ် ပြုလုပ် ခဲ့ရာ ဂရစ်ဇ်မန်းအပြင် ကာလရှည်ကြာ စွာ အနားယူခဲ့ရသော ပြင်သစ်တောင်ပံ တိုက်စစ်မှူး ဒမ်ဘီလီလည်း ပါဝင်လာခဲ့သည်။

ဒမ်ဘီလီသည် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ဒေါ့မွန်နှင့်ကစားခဲ့သည့်ပွဲတွင် ခြေထောက်ကြွက်သား ဒဏ်ရာရခဲ့ပြီးနောက်ကာလရှည်အနားယူခဲ့ရသူဖြစ်သည်။ ဒမ် ဘီလီသည် ၂ဝ၂ဝ ဖေဖော်ဝါရီက ပထမ အသင်းကြီးနှင့် ပြန်လည်ပူးပေါင်းရန် နီးစပ် ခဲ့သည့်အချိန်၌ ဒဏ်ရာအကင်းမသေ၍ ထပ်မံအနားယူခဲ့ရသည်။

ဂရစ်ဇ်မန်းသည် ယခုနှစ်တွင် လာလီဂါ ကိုးဂိုးသွင်းယူကာ ပြိုင်ပွဲစုံ ၄၆ ပွဲကစားထား ရာ ၁၅ ဂိုးသွင်းယူထားသည်။ ဒမ်ဘီလီမှာ ဒဏ်ရာကြောင့် နားခဲ့ရသည့်အချိန်များခဲ့၍ ပြိုင်ပွဲစုံ ကိုးပွဲသာကစားခဲ့ရပြီး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ပြင်သစ်နောက်ခံလူ လန်ဂလက်မှာ အလာဗက်စ်နှင့်ရာသီသိမ်း ပွဲတွင် ပေါင်ခြံဒဏ်ရာရခဲ့သော်လည်း နာပိုလီ နှင့် ချန်ပီယံလိဂ်ပွဲမတိုင်မီ လေ့ကျင့်ခန်းပြန် ဆင်းနိုင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်ကစားသမား သုံးဦးစလုံးမှာ သြဂုတ် ၈ ရက်၌ကစားမည့် နာပိုလီနှင့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ရှုံးထွက် ဒု-ကျော့၌ ပါဝင်ကစားနိုင်ရန်မှာ မသိရသေး ပေ။ ဘာစီလိုနာသည် လာလီဂါချန်ပီယံ ဆုကို လက်လွှတ်ခဲ့ရပြီး စပိန်ဘုရင့်ဖလား တွင် ကွာတားသို့သာ တက်ရောက်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး