မုန့်ဖိုးမပေးသဖြင့် နေအိမ် မီးရှို့ကာ အဝတ်အထည်များ ဖျက်ဆီးခဲ့သူကို ဖမ်းဆီးစစ်ဆေး

မုန့်ဖိုးမပေးသဖြင့် နေအိမ် မီးရှို့ကာ အဝတ်အထည်များ ဖျက်ဆီးခဲ့သူကို ဖမ်းဆီးစစ်ဆေး

မြိတ်မြို့၌ မုန့်ဖိုး ကျပ် ၃၀၀၀ မပေးသောကြောင့် နေအိမ်မီးရှို့ကာ အဝတ်အထည်များအား ဖျက်ဆီးခဲ့သည့် သားဖြစ်သူကို အရေးယူပေးရန် မိခင်က သက်ဆိုင်ရာသို့ တိုင်ကြားလာမှုအား အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် မြိတ်မြို့ မြိတ်တောင်နယ်မြေ  မြို့သစ် ၇ ရပ်ကွက် ယုဇလမ်းနေ တိုင်တန်းသူအမျိုးသမီးသည် ဇေယျာသီရိ(၁)ရပ်ကွက်ရှိ မိတ်ဆွေ၏ နေအိမ်တွင်ရှိနေစဉ် တိုင်တန်းသူ၏ သားဖြစ်သူ ရဲကိုကို(၃၇)နှစ် က နေအိမ်ကို မီးရှို့နေကြောင်း တစ်ရပ်ကွက်တည်းနေ အမျိုးသမီးက ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့သည်။

တိုင်တန်းသူက နအိမ်သို့ ပြန်သွားကြည့်ရာ ရဲကိုကိုအား နေအိမ်တံခါးမကြီး အဝင်ဝ၌ အိပ်နေသည်ကို တွေ့ရှိရပြီး ၎င်းအနီး၌ အိမ်တွင်အသုံးပြုနေသည့် အစိမ်းရောက် ဂက်စ်မီးခြစ်တစ်လုံး၊ နေအိမ်မီးဖိုချောင်သုံးခါးအရိုးကျိုးနေသည့် အသွား ၆ လက်မခန့်ရှိ ဓားတစ်ချောင်းနှင့် ၎င်းအိပ်နေသည့် ခြေရင်းဖက် နေအိမ်ကြမ်းခင်း၌ မီးရှို့ထားသည့် ထဘီ ခြောက်ထည်အား တွေ့ရသည်။

ထို့အပြင် ထဘီ အထည် ၂၀ ကို ရေပုံးအတွင်း စိမ်ထားပြီး ထဘီ ငါးထည်ကို ဓားဖြင့် ဓါးဖြင့်လှီးဖြတ် ထားသည်ကိုတွေ့ရှိရသဖြင့် ဘာလုပ်တာလဲဟု မေးမြန်းရာ သားဖြစ်သူက ၎င်းတောင်းသည့် ငွေကျပ် ၃၀၀၀ ကို မပေး သောကြောင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရသည်ဆိုကာ အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မြိတ်မြို့မရဲစခန်းက (ပ)၉၁၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆/၄၂၇ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။