လွန်ခဲ့သော ရှစ်နှစ်က ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဇိမ်ခံမော်တော်ယာဉ်ဖြင့် တိုက်ပြီး အဖမ်းမခံဘဲ တိမ်းရှောင်ခဲ့သည့် Red Bull အားဖြည့်အချိုရည်လုပ်ငန်း၏ အမွေဆက်ခံသူအား ရာဇဝတ်ကြောင်းဖြင့် တရားစွဲခြင်းမပြုရန် ထိုင်းရှေ့နေချုပ်ရုံးက ဆုံးဖြတ်ခဲ့သည့်အတွက် အများပြည်သူ မကျေမနပ်ဖြစ်ခဲ့ပြီးနောက် ယင်းအမှုကို စုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဇူလိုင် ၂၉ ရက်တွင် ညွှန်ကြားခဲ့သည်။
အမှုတွင် အဓိကသံသယရှိသူမှာ ဘော့စ်ဟု သိကြသည့် ဝိုရာယု ယိုဝိဓယဆိုသူဖြစ်ပြီး ၎င်း၏မိသားစုသည် Red Bull စီးပွားရေးလုပ်ငန်း၏ထက်ဝက်ကို ပိုင်ဆိုင်ထားသည်။ ယိုဝိဓယ၏ မိသားစုပိုင်ဆိုင်မှုတန်ဖိုးသည် ဒေါ်လာ ၂၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိနေပြီး ထိုင်း၌ ဒုတိယအချမ်းသာဆုံး မိသားစုဖြစ်ကြောင်း ဖော့ဘ်စ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ်တွင် စက်တင်ဘာ ၃ ရက်တွင် ဝိုရာယု မောင်းနှင်လာသည့် ဖာရာရီကားသည် ရဲတပ်ကြပ် ဝိချန်း ကလွန်ပရာဆတ်စီးနင်းလာသော မော်တော်ဆိုင်ကယ်ကို ဝင်တိုက်ခဲ့မှုကြောင့် ကလွန်ပရာဆတ် သေဆုံးခဲ့သည်။ ဝိုရာယုအား ရာဇဝတ်မှုဖြင့် ဆက်လက် တရားစွဲဆိုခြင်းမပြုရန် ရှေ့နေချုပ်ရုံးက လွန်ခဲ့သောလတွင် ဆုံးဖြတ်ခဲ့သော်လည်း လွန်ခဲ့သောအပတ်တွင်မှ သတင်းစာရှင်းလင်းပွဲလုပ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၌ ငွေကြေးချမ်းသာသူနှင့် သြဇာကြီးများသူများ တရားဥပဒေချိုးဖောက်သော်လည်း အပြစ်ပေးမခံရကြောင်း နိုင်ငံသားများက မကျေမနပ်ပြောဆိုခဲ့ပြီးနောက် ဝန်ကြီးချုပ် ပရာယွတ်သည် ယင်းအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ လူတန်းစားမခွဲခြားဘဲ ထိုင်းလူ့အဖွဲ့အစည်းတွင် တရားမျှတမှုရှိစေရမည်ဖြစ်ကြောင်း ပရာယွတ်ကပြောဆိုခဲ့သည်။ အဖွဲ့ဝင် ၁၀ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မတီတွင် ဥပဒေကျွမ်းကျင်သော အစိုးရဝန်ထမ်းနှင့် လွှတ်တော်အမတ်များသာမက ဘန်ကောက်ရှိ ထိပ်တန်းတက္ကသိုလ်သုံးခုမှ ဥပဒေဌာနအကြီးအကဲများလည်း ပါဝင်မည်ဖြစ်သည်။
၂၀၁၂ ခုနှစ်ဖြစ်ရပ်ပြီးနောက် ဝိုရာယု၏ ရှေ့နေများသည် ၂၀၁၇ ခုနှစ် ဧပြီအထိ ရုံးထုတ်မှုမပြုနိုင်အောင် ကြိုးပမ်းနိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီတွင် ဝိုရာယု နိုင်ငံတွင်းမှထွက်ခွာပြီး ရက်အနည်းငယ်အကြာမှာသာ ၎င်းကို ဖမ်းဆီးမိန့် ထုတ်ခဲ့သည်။ ဝိုရာယု၏ ထိုင်းနိုင်ငံကူးလက်မှတ်ကို ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။
ပြည်ပတွင် နေထိုင်စဉ် ဝိုရာယုသည် Red Bull ပိုင်ဂျက်လေယာဉ်များကို စီးပြီး ကားပြိုင်ပွဲများကို ကြည့်ရှုခြင်း၊ ဂျပန်တွင် နှင်းလျှောစီးခြင်းနှင့် ဗင်းနစ်တွင် အပန်းဖြေခြင်းတို့အပါအဝင် ပျော်ပါးမှုများစွာကိုပြုလုပ်ခဲ့သည်။
တရားရေးဆိုင်ရာစံနှုန်းများနှင့်အညီ ဝိုရာယုကို ဆက်လက်တရားစွဲဆိုခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ရဲမှူး ခရစ္စနာ ပတ္တာနာချာရွန်က ဇူလိုင် ၂၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

















