ဗီယက်နမ်နိုင်ငံ၌ ဇူလိုင် ၃၀ ရက်တွင် COVID-19 ကူးစက်သူသစ် ကိုးဦးရှိခဲ့ကြောင့် ကူးစက်သူသစ် ၄၂ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကူးစက်သူကိုးဦးအနက် ရှစ်ဦးသည် ဒါနန်းမြို့မှဖြစ်ပြီး တစ်ဦးသည် မြို့တော် ဟနွိုင်းမှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဗီယက်နမ်ရှိ မြို့နှင့် ခရိုင်ခြောက်ခုတို့တွင် ခြောက်ရက်အတွင်း COVID-19 ကူးစက်သူပြန်ရှိလာခဲ့သည်။
ဗီယက်နမ်နိုင်ငံ၌ ဇူလိုင် ၃၀ ရက်အထိ COVID-19 ကူးစက်သူ ၄၅၉ ဦးနှင့် သေဆုံးသူမရှိသေးချေ။ ဗီယက်နမ်ရှိ လူ ၈၁၀၀၀ ကျော်သည် ယခုအချိန်တွင် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများတွင်နေထိုင်နေသည်။
နိုင်ငံအလယ်ပိုင်း ဒါနန်းမှ မကြာသေးမီတွင် ပြန်လာသူ ၂၁၀၀၀ ကို COVID-19 ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း ဟနွိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုခဲ့သည်။ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၁ ရက်အထိ စစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့သည်။ ဟနွိုင်းရှိ ကူးစက်သူတစ်ဦးသည် ဒါနန်းမြို့နှင့် ဆက်စပ်မှုရှိသူဖြစ်သည်။
လူဦးရေ ၉၅ သန်းရှိသော ဗီယက်နမ်သည် COVID-19 ဖြင့် သေဆုံးသူမရှိသည့် နိုင်ငံများတွင် လူဦးရေအများဆုံးနိုင်ငံဖြစ်နေသည်။ ဒါနန်းနှင့်ဆက်စပ်၍ ဗိုင်းရပ်စ်ကူးစက်သူတစ်ဦးရှိခဲ့ပြီးနောက် ဟနွိုင်းမြို့၌ ဘားဆိုင်များနှင့် စားသောက်ဆိုင်များကို ပိတ်သိမ်းပြီး လူစုလူဝေးမပြုရန် ဇူလိုင် ၂၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

















