ဘန်ကောက်မြို့ အပြင်ဘက်၌ လိင်ပိုင်းအနိုင်ကျင့်မှုနှင့် အဓမ္မခိုင်းစေမှုများ ပိုမိုဖြစ်ပွားလာသည့်အတွက် ယင်းကိစ္စရပ်များကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း တော်ဝင်ရဲတပ်ဖွဲ့လက်အောက်ရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနအကြီးအကဲ ရဲမှူးကြီး ဇရူဝတ် ဝိုင်ဆာယာက ပြောဆိုခဲ့သည်။
မြို့တော် ဘန်ကောက်အပြင်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များသည် လူကုန်ကူးမှုစုံစမ်းစစ်ဆေးရာတွင် ကျွမ်းကျင်မှုနည်းပါးနေကြောင်း ဇရူဝတ်ကပြောဆိုခဲ့သည်။ ခရိုင်တွေမှာ လူကုန်ကူးမှုတွေရှိနေတယ်လို့ သတင်းရပေမယ့် ဘန်ကောက်က ရဲတပ်ဖွဲ့ဝင်တွေကို အချိန်မီစေလွှတ်နိုင်ခြင်းမရှိခဲ့ပါဘူး ဟု ဇရူဝတ်က ဇူလိုင် ၃၀ ရက်တွင် ကျရောက်သည့် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မတိုင်မီတွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောဆိုခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၂၈၃ မှုအနက် လေးပုံသုံးပုံသည် ဘန်ကောက်အပြင်ဘက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည် လူကုန်ကူးမှု ၃၀၁ မှုအနက် သုံးပုံနှစ်ပုံသည် ဘန်ကောက်အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏စာရင်းအင်းများအရသိရသည်။
ရဲတပ်ဖွဲ့ဝင်အများစုသည် လူကုန်ကူးမှုကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို မသိသေးသလို တချို့သည်လည်း လူကုန်ကူးခံရသူများကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ဇရူဝတ်ကပြောဆိုခဲ့သည်။
လူကုန်ကူးခံရသူများကို ရှာဖွေဖော်ထုတ်ပြီး အကူအညီပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သားဝန်ထမ်း ၁၅၀ ကို ယခုအပတ်မှစ၍ သင်တန်းပေးနေပြီဖြစ်ကြောင်း ဇရူဝတ်ကပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံတစ်ဝန်း လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ဝင် ၁၆၄၀ ဦးရှိနေပြီး ၁၀၀ ကျော်သည် ဘန်ကောက်တွင် တာဝန်ထမ်းဆောင်နေသည်။ ထိုင်းနိုင်ငံရှိ အထည်ချုပ်ပင်လယ်စာလုပ်ငန်းနှင့် လိင်လုပ်ငန်းတို့၌ မကြာသေးမီနှစ်များအတွင်း လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုများကို တားဆီးနိုင်ခြင်းမရှိခဲ့ကြောင်း ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။ ယမန်နှစ်တွင် လူကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်မှု ၁၉၄ မှုရှိခဲ့သည်။
ယမန်နှစ်တွင် လူကုန်ကူးခံရသူ ၁၈၀၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အစိုးရမှတ်တမ်းများတွင်ဖော်ပြထားသည်။

















