ဂျပန်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား တစ်ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

ဂျပန်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား တစ်ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ ဖူကူရှီးမား စီရင်စု၌ ဇူလိုင် ၃၀ ရက်တွင် စားသောက်ဆိုင်တစ်ခုအတွင်း ပေါက်ကွဲမှုတစ်ခုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ဇူလိုင် ၃၀ ရက် ဒေသဆိုင်ရာစံတော်ချိန် နံနက် ၉ နာရီမတိုင်မီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် NHK သတင်းဌာနက ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာတွင် လူသေအလောင်းတစ်ခု တွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲအရာရှိများ၏ ပြောဆိုခဲ့ကြောင်း သတင်းဌာနကဖော်ပြခဲ့သည်။ ဒဏ်ရာရသူများအနက် နှစ်ဦးသည် အခြေအနေစိုးရိမ်ရပြီး ၁၅ ဦးသည် ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော အွန်ယာဆာယိ စားသောက်ဆိုင်မှာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေဆဲ ဆိုင်တစ်ခုဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သည့် Colowide စားသောက်ဆိုင်လုပ်ငန်းစုက ပြောဆိုခဲ့သည်။

စားသောက်ဆိုင်များနှင့် လူနေအိမ်များ ထူထပ်သည့်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့တို့က ပြောဆိုခဲ့သည်ဟု ဂျပန် တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဓာတ်ငွေ့ပိုက်ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း မီးသတ်တပ်ဖွဲ့ကပြောဆိုခဲ့သည်။

ပေါက်ပွဲမှုဖြစ်စဉ်၏ ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံမှတ်တမ်းများအရ အဆောက်အအုံ၏ ပြတင်းပေါက်များနှင့် သံဖရိန်များသာ ကျန်ရှိခဲ့ပြီး သံတိုသံစများနှင့် ဖန်ကွဲစများမှာ အဆောက်အအုံဝန်းကျင်တွင် ပြန့်ကျဲသွားခဲ့သည်ကို တွေ့ရသည်။

စားသောက်ဆိုင် အနီးရှိ တိုဟိုဘဏ်မှ ဝန်ထမ်းများ၏ ပြောကြားချက်အရ အခင်းဖြစ် ပွားချိန်တွင် ဘဏ်အတွင်း၌ ဝန်ထမ်းနှစ်ဦးနှင့် ဧည့်သည် နှစ်ဦးရှိနေပြီး ၎င်းတို့မှာပေါက်ကွဲမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။