မကြာသေးမီက ဖျက်သိမ်းခဲ့သည့် ဟောင်ကောင်လွတ်လပ်ရေးလိုလားသည့် အဖွဲ့တစ်ဖွဲ့မှ ကျောင်းသား ၄ ဦးသည် အငြင်းပွားဖွယ်လုံခြုံရေးဥပဒေချိုးဖောက်မှုဖြင့် အဖမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဟောင်ကောင်အရေးလှုပ်ရှားသူများ၏ပြောဆိုချက်အရ သိရသည်။
ယခု ဖမ်းဆီးမှုသည် ပြီးခဲ့သည့်လတွင် တရုတ်အစိုးရက အတည်ပြုလိုက်သည့် လုံခြုံရေးဥပဒေသစ် စတင်သက်ရောက်ပြီးနောက် ပထမဆုံး ဖမ်းဆီးမှုလည်းဖြစ်သည်။
အသက် ၁၆ နှစ်နှင့် ၂၁ အကြား အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တရုတ်ပြည်မကြီးမှ ဟောင်ကောင်ခွဲထွက်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
"ဒီအုပ်စုဟာ ဟောင်ကောင်လွတ်လပ်ရေးအတွက် လှုပ်ရှားဖို့ လူမှုမီဒီယာကတစ်ဆင့် ကြေညာခဲ့တယ်လို့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ သတင်းအရင်းအမြစ်တွေအရ သိရှိခဲ့ရပါတယ် ဟု အမျိုးသားလုံခြုံရေးဥပဒေဆိုင်ရာ ရဲတပ်ဖွဲ့ဌာနခွဲမှ အရာရှိ လီကွိုင်ဝါကပြောဆိုခဲ့သည်။
၎င်းတို့ လေးဦးထံမှ ကွန်ပျူတာများ၊ ဖုန်းများနှင့် စာရွက်စာတမ်းများကို သိမ်းဆည်းရမိ ထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ ဟောင်ကောင်လွတ်လပ်ရေး လှုပ်ရှားသူ ကျောင်းသားများ၏ ထုတ်ပြန်ချက်အရ အသက် ၁၉ နှစ်အရွယ်ရှိ ခေါင်းဆောင်ဟောင်း တိုနီချန်းမှာ အဖမ်း ခံရသူများထဲတွင် ပါဝင်ခဲ့သည်ဟု သိရသည်။
ပေကျင်းက အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းလိုက်သည့်အတွက် ဟောင်ကောင်အ ရေးလှုပ်ရှားသည့် ကျောင်းသားအဖွဲ့ကို ပြီးခဲ့သည့်လကတည်းက ဖျက်သိမ်းလိုက်ရပြီး နိုင်ငံရပ်ခြားမှ လှုပ်ရှားနေသည့် အဖွဲ့ဝင်များသာ ကျန်တော့သည်ဟု ကျောင်းသားများက ကြေညာထားပြီးဖြစ်သည်။
သို့သော် ယင်းကဲ့သို့ လှုံ့ဆော်မှုမျိုးကို နိုင်ငံခြားမှ ပြုလုပ်နေလျှင်လည်း ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ရှိဆဲ ဖြစ်ကြောင်း မစ္စတာလီက ဆက်လက်ပြောဆိုသည်။

















