ချယ်လ်ဆီးကွင်းလယ်လူ ပူလီဆစ်က အာဆင်နယ်နှင့် အက်ဖ် အေဖလားဗိုလ်လုပွဲတွင် ပါဝင်ကစားရန် ရာခိုင်နှုန်း ၁ဝဝ ကြံ့ခိုင်မှု ပြည့်ဝနေကြောင်း အီးအက်စ်ပီအင်န်နှင့်တွေ့ဆုံရာ၌ ပြောကြား ခဲ့သည်။
တိုက်စစ်အားသန်ကစားသမား ပူလီဆစ်သည် လွန်ခဲ့သည့် ရက်များက အသေးစားဒဏ်ရာကြောင့် ရုန်းကန်နေရဟု နည်းပြ လမ်းပတ်က ပြောဆိုခဲ့ပြီးနောက် မန်ယူအားအနိုင်ရခဲ့သည့် အက်ဖ် အေဆီမီးပွဲတွင် ချန်လှပ်ခံခဲ့ရသည်။ အသက်(၂၁)နှစ်အရွယ် ပူလီ ဆစ်သည် ဝုလ်နှင့်ပွဲတွင် ပွဲထွက်ခွင့်ရခဲ့သော်လည်း လီဗာပူးနှင့် ပွဲ၌မူ လူစားဝင်အဖြစ်သာ ကစားခဲ့ရသည်။
ပူလီဆစ်က ''ကျွန်တော့်မှာ ပြဿနာထွေထွေထူးထူး ဘယ် တော့မှမရှိပါဘူး။ ဗိုလ်လုပွဲဝင်ကစားဖို့ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေ ပါတယ်''ဟု အသိပေးခဲ့သည်။
ဆက်လက်၍ ပူလီဆစ်က အာဆင် နယ်တွင် ကစားသမားကောင်းများစွာရှိကြောင်း၊ ဒေါ့မွန်၌ ၎င်းနှင့် တွဲခဲ့ဖူးသည့် အော်ဘာမီယန်ကိုသတိထားရမည်ဟု ဆိုသည်။ အော် ဘာမီယန်သည် ယခုနှစ်တွင် ၂၇ ဂိုးသွင်းထားကြောင်း သိရသည်။















