လန်ဒန်အခြေစိုက်အသင်းများဖြစ် သည့် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့သည် သြဂုတ် ၁ ရက် ည ၁၁ နာရီတွင် ယခုနှစ်ဘောလုံး ရာသီအက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဝင်ဘလေ၌ကစားမည့် လန်ဒန်ဒါဘီ ပွဲမှာ (၁၃၉)ကြိမ်မြောက်အဖြစ်ကျင်းပသော အက်ဖ်အေဗိုလ်လုပွဲဖြစ်ပြီး ဖလား(၁၃) ကြိမ်ရကာ ပြိုင်ပွဲ၏အအောင်မြင်ဆုံး အာဆင်နယ်နှင့် ဖလားရှစ်ကြိမ်ရထားသော ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံနေခြင်းဖြစ် သည်။
အာဆင်နယ်နှင့် ချယ်လ်ဆီးတို့သည် ၂ဝ၁၇ အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ပြီးနောက် ယခုနှစ်ဗိုလ်လုပွဲ၌ ပထမဆုံး ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ ၂ဝ၁၇ ဗိုလ်လုပွဲ၌မူ အာဆင်နယ်က ချယ်လ် ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အာဆင်နယ်သည် ယခုနှစ်အက်ဖ်အေဖလား ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ရာ၌ လက်ရှိချန် ပီယံ မန်စီးတီးအပါအဝင် လိဒ်၊ ဘုန်းမောက်၊ ပို့စ်မောက်နှင့် ရှက်ဖီးလ်ယူနိုက်တက်တို့ကို အနိုင်ရခဲ့သည်။ ချယ်လ်ဆီးမှာ နော်တင်ဟမ် ဖောရက်စ်၊ ဟားလ်စီးတီး၊ လီဗာပူး၊ လက် စတာနှင့် မန်ယူတို့ကိုအနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အက်ဖ်အေဗိုလ်လုပွဲ၌ အနိုင်ရသော အသင်းမှာ ၂ဝ၂ဝ-၂၁ ယူရိုပါလိဂ်အုပ်စု အဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ် သည်။ အာဆင်နယ်သည် ယခုနှစ်ပရီးမီး ယားလိဂ်တွင် အဆင့်(၈)ဖြင့်ရာသီသိမ်းခဲ့ ရာ ၁၅ နှစ်အတွင်း အဆိုးရွားဆုံးအဆင့် ရပ်တည်မှုဖြစ်ခဲ့သည်။ အာဆင်နယ်သည် ချယ်လ်ဆီးကိုအနိုင်ရဗိုလ်စွဲမှသာ ဥရောပ ပြိုင်ပွဲဝင်ခွင့်ရမည်ဖြစ်ရာ ယင်းအချက်က အသင်းအတွက် ဖိအားတစ်ရပ်ဖြစ်နေသည်။ အာဆင်နယ်သည် ၂ဝ၁၈--၁၉ ရာသီက အဆင့်(၅)သာရပြီး ၁၇ နှစ်အတွင်း ပထမ ဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရာ ပေါင် ၂၇ သန်း နစ်နာခဲ့ရသည်။
အာဆင်နယ်သည် ယနေ့ညဗိုလ်လုပွဲ တွင်အနိုင်မရခဲ့ပါက ၁၉၉၅- ၉၆ ဘောလုံး ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပ ပြိုင်ပွဲကစားခွင့်ရမည်မဟုတ်ကြောင်း သိရ သည်။ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက အာဆင် နယ်နည်းပြဖြစ်လာခဲ့သော အသက်(၃၈)နှစ်အရွယ် နည်းပြအာတီတာက ''ကျွန် တော့်အတွက်တော့ ဒီကလပ်(အာဆင်နယ်)ဟာ အကောင်းဆုံးတွေနဲ့ ထိုက်တန်တယ်လို့ ပြောချင်ပါတယ်။ ဆုဖလားတိုင်းကို ဆွတ်ခူးဖို့ တိုက်ပွဲဝင်နေရမယ်။ တကယ်လို့ ကျွန် တော်တို့ ဗိုလ်လုပွဲမှာ အနိုင်ရအောင်ကစား နိုင်ပြီး ဥရောပဝင်ခွင့်ရရင် အိုကေပဲလို့ပြော နိုင်ပါတယ်။ ဒါပေမဲ့ ဒါက ကလပ်အတွက် အဆင့်တစ်ခုတော့မဟုတ်ပါဘူး''ဟု ပြော ကြားခဲ့သည်။
အာဆင်နယ်သည် ယခုနှစ်ပရီးမီးယား လိဂ်ပထမအကျော့တွင် အိမ်ကွင်း၌ ချယ်လ် ဆီးကို နှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးနိမ့်ကာ ဒုတိယ အကျော့အဖြစ်ကစားခဲ့ရာ နှစ်ဂိုးစီ သရေ ကစားခဲ့ကြောင်း သိရသည်။















