ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ရှိ COVID-19 ကူးစက်သူ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦး ဇူလိုင် ၃၁ ရက်တွင် သေဆုံးခဲ့ပြီး ယင်းသည် နိုင်ငံတွင်း COVID-19 ဖြင့် ပထမဆုံးသေဆုံးသူလည်းဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဒါနန်းမြို့ရှိ COVID-19 ကူးစက်မှုနှင့်ဆက်စပ်၍ ဇူလိုင် ၃၁ ရက်တွင် ကူးစက်သူသစ် ၄၅ ဦးရှိခဲ့ပြီး ဇန်နဝါရီမှစ၍ တစ်ရက်အတွင်း ကူးစက်သူအများဆုံးစံချိန်တင်ခဲ့ခြင်းဖြစ်သည်။ အသက် ၂၇ မှ ၈၇ နှစ်ကြားအရွယ်ရှိ လူနာသစ်များသည် ဒါနန်းရှိ ဆေးရုံလေးရုံ၊ ဟိုတယ်တစ်လုံးတို့နှင့်ဆက်စပ်မှုရှိသူများဖြစ်ကြသည်။ ဗီယက်နမ်၌ COVID-19 ကူးစက်မှုပြန်လည်စတင်ခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ ကူးစက်သူသစ် ၉၃ ဦးရှိနေပြီဖြစ်သည်။
ဗီယက်နမ်သည် ဇူလိုင် ၂၄ ရက်အထိ COVID-19 ဖြင့်သေဆုံးသူမရှိသည့် နိုင်ငံများတွင် လူဦးရေအများဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။ ဗီယက်နမ်၌ COVID-19 ကူးစက်သူ ၅၀၉ ဦးနှင့် သေဆုံးသူတစ်ဦးရှိနေပြီဖြစ်သည်။

















