မနီလာမြို့တော်အတွင်း အသွားအလာကန့်သတ်မှုဆိုင်ရာ စည်းမျဉ်းများကို သြဂုတ်လလယ်အထိ သက်တမ်းတိုးမြှင့်လိုက်ပြီဖြစ်ပြီး COVID-19 ကာကွယ်ဆေးရရှိပါက ဖိလစ်ပိုင်အား ဦးစားပေးဖြန့်ချိမည်ဖြစ်ကြောင်း တရုတ်က ကတိပြုထားပြီးဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒီရီဂို ဒူတာတေးက ဇူလိုင် ၃၁ ရက်တွင် ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်သည် ယခုလတွင် အရှေ့တောင်အာရှနိုင်ငံများထဲ၌ တစ်နေ့တာအတွင်း COVID-19 သေဆုံးသူနှင့် ကူးစက်ခံရသူဦးရေ အမြင့်မားဆုံး ဖြစ်ခဲ့သည်။
မြို့တော်နှင့် မြို့တော် တောင်ဘက်ရှိ ခရိုင်များ၊ နိုင်ငံ၏အလယ်ပိုင်းရှိ မြို့များတွင် နေအိမ်အတွင်း၌သာ နေထိုင်စေမှုများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို အသွားအလာ ကန့်သတ်ခြင်းများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်ခဲ့ပြီးဖြစ်သည်။
"ကျွန်တော့်ရဲ့ မေတ္တာရပ်ခံချက်က ကာလတစ်ခုအထိ တောင့်ခံနိုင်ဖို့ပါ။ အများကြီး ကူးစက်ခံခဲ့ရပြီးပြီလေ" ဟု ဒူတာတေးက ရုပ်သံမှတစ်ဆင့် ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် COVID-19 ကာကွယ်ဆေး ရရှိလာပါက အခမဲ့ထိုးနှံပေးမည်ဖြစ်ပြီး အခြေခံ လူတန်းစားများကို ပထမဆုံး ဦးစားပေးမည်ဖြစ်ကာ ယင်းနောက်တွင် လူလတ်တန်းစားများနှင့် စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင်များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ဒူတာတေးက ကတိပြုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်၏ ကာကွယ်ဆေးဖြန့်ဖြူးမှု၌ ဦးစားပေးမှု ခံရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
တရုတ်ရှိ မြောက်မြားလှသော ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများ၊ အမေရိကန် ပြည် ထောင်စုနှင့် ဗြိတိန်တို့သည် COVID-19 ကာကွယ်ဆေး စမ်းသပ်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ဖိလစ်ပိုင်သည် စုစုပေါင်းလူဦးရေ ၁၀၇ သန်း၏ငါးပုံတစ်ပုံဖြစ်သော သန်း ၂၀ အတွက် ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိသော COVID-19 ကာကွယ်ဆေး တစ်ကြိမ်သုံးစာပမာဏ သန်း ၄၀ အား ဝယ်ယူရန် စီစဉ်ထားပြီး ဘဏ္ဍာရေးဝန်ကြီး ကားလို့စ် ဒိုမင်ဂွက်ဇ်က ပြောသည်။
ေိလစ်ပိုင်သည် အရှေ့တောင်အာရှနိုင်ငံများထဲ၌ အင်ဒိုနီးရှားပြီးလျှင် COVID-19 ကူးစက်သူ အများဆုံးနိုင်ငံဖြစ်ပြီး ဇွန်လ၌ ဖြေလျှော့မှုများ စတင်လုပ်ဆောင်ချိန်မှစ၍ ကူးစက်သူငါးဆတိုးကာ ၈၉၃၇၄ အထိရှိလာပြီး သေဆုံးသူဦးရေ နှစ်ဆမြင့်တက်ခဲ့ပြီး ၁၉၈၃ ဦးအထိ ရှိလာခဲ့သည်။

















