နီပေါ၌ COVID-19 ကူးစက်သူများနေသော်လည်း ဆောင်းရာသီတွင် တောင်ပြန်တက်ခွင့်ပြုမည်

နီပေါ၌ COVID-19 ကူးစက်သူများနေသော်လည်း ဆောင်းရာသီတွင် တောင်ပြန်တက်ခွင့်ပြုမည်

နီပေါအစိုးရသည် ဧဝရက်တောင်အပါအဝင် ဟိမဝန္တာတောင်များကို  ဆောင်းရာသီတွင် ပြန်တက်ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရအရာရှိများက ဇူလိုင် ၃၀ ရက်တွင် ပြောဆိုခဲ့သည်။

ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ တောင်အနက် ရှစ်တောင်ရှိနေသည့် နီပေါသည် COVID-19 ကူးစက်မှုတားဆီးရေးအတွက် မတ်တွင် တောင်တက်ခွင့်ကို ပိတ်ပင်ခဲ့သည်။ နီပေါ၌ ဇူလိုင် ၃၀ ရက်အထိ COVID-19 ကူးစက်သူ ၁၉၅၄၇ ဦးနှင့် သေဆုံးသူ ၅၂ ဦးရှိနေသည်။

ဆောင်းရာသီတွင် တောင်တက်ခွင့်ပြန်ပြုမည်ဖြစ်ပြီး တောင်တက်ခွင့်များကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနအရာရှိ မီရာ အချာယာကပြောဆိုခဲ့သည်။ တောင်တက်သမားများသည် နီပေါအစိုးရထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း အချာယာကပြောဆိုခဲ့သည်။ နီပေါ၌ ဆောင်းရာသီတောင်တက်ရာသီသည် စက်တင်ဘာမှ နိုဝင်ဘာအထိဖြစ်သည်။

အနောက်နိုင်ငံတချို့၌ COVID-19 ကူးစက်မှု ကျဆင်းလာနေသော်လည်း နီပေါအပါအဝင် အာရှနိုင်ငံတချို့၌ ကူးစက်သူဦးရေ မြင့်တက်လာနေသည်။ ဧပြီမှ မေအထိ တောင်တက်ရာသီအတွင်း တောင်တက်ခွင့် ပိတ်ထားသောကြောင့် နီပေါသည် ဒေါ်လာသန်းပေါင်းများစွာနစ်နာခဲ့ရသည်။ တောင်တက်လမ်းပြရှာပါနှင့် ပစ္စည်းသယ်သူ ၂၀၀၀၀၀ ခန့် ဝင်ငွေဆုံးရှုံးခဲ့သည်။

အစိုးရသည် တောင်များကိုပြန်တက်ခွင့်ပြုထားသော်လည်း သြဂုတ်လလယ်အထိ နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားပြီး နီပေါနိုင်ငံတွင်း ကူးသန်းသွားလာခွင့်လည်းပိတ်ပင်ထားသောကြောင့် တောင်တက်သမားများအနေဖြင့် ယခုလောလောဆယ်တွင် လာရောက်နိုင်ဦးမည်မဟုတ်ကြောင်း ခရီးစီစဉ်သူများကပြောဆိုခဲ့သည်။

တောင်ငယ်များကို တက်မည့်သူများလာနိုင်သော်လည်း တောင်ကြီးများကို တက်မည့်သူ များဦးမည်မဟုတ်ကြောင်း တောင်တက်ခရီးစဉ် စီစဉ်သူ အန်း ရှာရင်း ရှာပါကပြောဆိုခဲ့သည်။ နီပေါ၌ ဇူလိုင် ၃၀ ရက်တွင် ဟိုတယ်များနှင့် စားသောက်ဆိုင်များကို ကန့်သတ်ချက်တချို့ဖြင့် ပြန်ဖွင့်ခွင့်ပေးခဲ့သည်။