အင်ဒိုနီးရှားရှိ ကမ်းခြေတစ်ခု၌ သေဆုံးနေသည့် ဝေလငါး ၁၀ ကောင်ကိုတွေ့ရှိ

အင်ဒိုနီးရှားရှိ ကမ်းခြေတစ်ခု၌ သေဆုံးနေသည့် ဝေလငါး ၁၀ ကောင်ကိုတွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံရှိ ကမ်းခြေတစ်ခု၌ ဇူလိုင် ၃၀ ရက်တွင် သေဆုံးနေသည့် ဝေလငါးဆယ်ကောင်ကို တွေ့ရှိခဲ့ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝေးလံသီခေါင်သော အရှေ့နူဆာ တန်ဂါရာခရိုင်၌ အရှည် နှစ်မီတာမှ ခြောက်မီတာအထိရှိသည့် ဝေလငါးဆယ်ကောင်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသ၏ရေအရင်းအမြစ်ထိန်းသိမ်းရေးဌာနအကြီးအကဲ အီကရမ် ဆန်ဂါဂျီကပြောဆိုခဲ့သည်။

၁၁ ကောင်မြောက် ဝေလငါးတစ်ကောင်မှာမူ ဒဏ်ရာရရှိထားသော်လည်း သေဆုံးခြင်းမရှိသဖြင့် ၎င်းကို ရေထဲသို့ ပြန်လွှတ်ပေးနိုင်ခဲ့သည်။ သေဆုံးသည့် ဝေလငါးများသည် ဆူးတောင်တိုပိုင်းလော့ဝေလငါးများဖြစ်နိုင်ကြောင်း ဆန်ဂါဂျီကပြောဆိုခဲ့သည်။ ဆူးတောင်တိုပိုင်းလော့ဝေလငါးများသည် အစုအဖွဲ့နှင့်နေတတ်သော ငါးများဖြစ်ကြပြီး အစုလိုက်အပြုံလိုက်သောင်တင်တတ်သည်။

ချွန်မြသော ကျောက်ဆောင်များနှင့် ဝင်တိုးမိပြီးနောက် ငါးများ ဒဏ်ရာရရှိခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုခဲ့သည်။ ဝေလငါးသေများကို ဒေသခံများကို မြှုပ်နှံလိုက်ပြီဖြစ်သည်။

ကမ်းလွန်ရှိ ရေစီးကြောင်း မတည်ငြိမ်မှုကြောင့် ဝေလငါးများသည် ကမ်းခြေနှင့် ကျောက်ဆောင်များကြားရှိ ရေစီးကြောင်းတွင် ညှပ်မိကာ ဒုက္ခရောက်လေ့ရှိသည်။ လွန်ခဲ့သောအပတ်တွင် အရှေ့နူဆာတန်ဂါရာမြို့တော် ကူပန်းအနီးရှိ ကမ်းခြေတစ်ခု၌ အရှည် ၂၃ မီတာရှိသော ဝေလငါးကြီးတစ်ကောင် သောင်တင်သဖြင့် ကယ်ဆယ်ခဲ့ရပြီးဖြစ်သည်။