အင်္ဂလန်နိုင်ငံမြောက်ပိုင်း၌ COVID-19 ကူးစက်သူဦးရေ ပြန်လည်မြင့်တက်လာသောကြောင့် အင်္ဂလန်မြောက်ပိုင်းတစ်ဝန်း၌ ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ပြန်လည်ချမှတ်လိုက်ပြီဖြစ်သည်။
ကူးသန်းသွားလာမှုပိတ်ပင်ချက်ချမှတ်ရန် ဆုံးဖြတ်ချက်ကို မည်သူမျှ မချမှတ်လိုသော်လည်း အစိုးရသည် ရွေးချယ်စရာမရှိခဲ့ကြောင်း၊ ဗိုင်းရပ်စ်သည် လျင်မြန်စွာပျံ့နှံ့နေပြီး လက်ဦးမှုရယူနိုင်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ်ကပြောဆိုခဲ့သည်။
စည်းမျဉ်းသစ်များအရ အင်္ဂလန်ရှိ ဒုတိယအကြီးဆုံးမြို့ပြနေရာဖြစ်သည့် ဂရိတ်တားမန်ချက်စတာရှိ အိမ်ထောင်စုများသည် အခြားအိမ်ထောင်စုများသို့သွားရောက်လည်ပတ်ခွင့်၊ အခြားအိမ်ထောင်စုများမှ လူများနှင့် တွေ့ဆုံခွင့်ပိတ်ပင်ခံရမည်ဖြစ်သည်။
လန်ကတ်ရှိုင်းစီရင်စုတွင်နေထိုင်သူများလည်း စည်းမျဉ်းသစ်သက်ရောက်ခံရမည်ဖြစ်သည်။လူလေးသန်းကျော် အသွားအလာကန့်သတ်ခံရခြင်းဖြစ်သည်။
အိမ်ထောင်စုများကြား အဓိကကူးစက်ပျံ့ပွားနေခြင်းဖြစ်ကြောင်း လေ့လာမှုများအရသိရှိရသည်ဟု ဟန်းကော့ခ်ကပြောဆိုခဲ့သည်။ အိမ်နီးချင်းများကြား ထိတွေ့ရမှ ကူးစက်ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အတိုက်အခံနိုင်ငံရေးသမားများက နောက်ဆုံးချမှတ်လိုက်သည့် စည်းမျဉ်းကိုထောက်ခံသော်လည်း စည်းမျဉ်းသက်ရောက်မှုရှိသည့် ဇူလိုင် ၃၁ ရက် သန်းခေါင်ယံမတိုင်မီ နှစ်နာရီအလိုတွင်မှ ဟန်းကော့ခ်က တွစ်တာ၌ ပို့စ်တင်ကာ အသိပေးခဲ့မှုကိုမူ ဝေဖန်ပြောဆိုခဲ့သည်။
အချိန်မီ ကြိုတင်ကြေညာခြင်းမပြုဘဲ ထုတ်ပြန်ခြင်းကြောင့် အများပြည်သူများကြား ယုံကြည်မှုနည်းပါးသွားနိုင်ပြီး စည်းမျဉ်းများကိုလိုက်နာရန် ခက်ခဲသွားနိုင်ကြောင်း လေဘာပါတီ၏ပြောခွင့်ရှိသူ လူစီ ပိုဝဲကပြောဆိုခဲ့သည်။
စည်းမျဉ်းသစ်သက်ရောက်သည့် ဒေသတွင် မွတ်စလင်ဦးရေများပြားစွာနေထိုင်နေပြီး အီဒုလ်အဿွာဟာပွဲတော်အချိန်အခါနှင့်လည်း တိုက်ဆိုင်နေသည်။
COVID-19 ကူးစက်မှုလျှော့ချရေးအတွက် ဝိုင်းဝန်းကူညီပေးသည့် မွတ်စလင်ခေါင်းဆောင်များ၊ အီမန်ဆရာများကို ကျေးဇူးအထူးတင်ရှိကြောင်း ဟန်းကော့ခ်ကပြောဆိုခဲ့သည်။
အင်္ဂလန်အလယ်ပိုင်းရှိ လက်စတာမြို့၌လည်း ကူးသန်းသွားလာမှုကန့်သတ်ခဲ့ပြီးဖြစ်သည်။ လက်စတာရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ စျေးဆိုင်များနှင့် ဆံပင်ညှပ်ဆိုင်များ သြဂုတ် ၃ ရက်မှစ၍ ပြန်ဖွင့်ခွင့်ရမည်ဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။
ဗြိတိန်၌ COVID-19 ကူးစက်သူ ၃၀၃၃၀၂ ဦးနှင့် သေဆုံးသူ ၄၆၀၀၀ ကျော်ရှိနေသည်။

















