တောင်အာဖရိက ပြည်တွင်းဖြစ် အသက်ရှူအကူစက်ထုတ်လုပ်

တောင်အာဖရိက ပြည်တွင်းဖြစ် အသက်ရှူအကူစက်ထုတ်လုပ်

အခြေအနေစိုးရိမ်ရသည့် COVID-19 လူနာများအတွက် ကမ္ဘာ့စျေးကွက်များတွင် အသက်ရှူအကူစက်များ ဝယ်ယူရန် ခက်ခဲလာသောကြောင့် တောင်အာဖရိကနိုင်ငံသည် ၎င်းတို့နည်း၎င်းတို့ဟန်ဖြင့် အသက်ရှူအကူစက်များကို ထုတ်လုပ်ပြီး ဇူလိုင် ၃၁ ရက်တွင် စတင်ဖြန့်ချိခဲ့ပြီဖြစ်သည်။

ချမ်းသာသောနိုင်ငံများသည် အသက်ရှူအကူစက်များနှင့် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများကို မြောက်များစွာဝယ်ယူနေသောကြောင့် ဆင်းရဲသောနိုင်ငံများအတွက် အခက်အခဲရှိနေပြီဖြစ်သည်။ 

COVID-19 ကူးစက်သူ ၄၈၂၁၆၉ ဦးဖြင့် ကမ္ဘာပေါ်တွင် ကူးစက်သူ ပဉ္စမအများဆုံးနိုင်ငံဖြစ်သည့် တောင်အာဖရိကသည် နိုင်ငံတွင်း အသက်ရှူအကူစက်များထုတ်လုပ်မည့် စီမံကိန်းအတွက် ရန့်ဒ် သန်း ၂၅၀( ဒေါ်လာ သန်း ၁၄ ဒသမ ၈၀ ) သုံးစွဲမည်ဖြစ်ကြောင်း ဧပြီတွင် ထုတ်ပြန်ခဲ့သည်။

ကနဦးအမှာ အသက်ရှူအကူစက် ၁၀၀၀၀ ၏တစ်စိတ်တစ်ပိုင်းကို ဇူလိုင် ၃၁ ရက်တွင် ကိတ်တောင်းရှိ စက်ရုံမှ ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး အီဘရာဟင် ပေတယ်က ပြောဆိုခဲ့သည်။

အသက်ရှူအကူစက်စုစုပေါင်း ၂၀၀၀၀ ကိုထုတ်လုပ်မည်ဖြစ်ကြောင်း အီဘရာဟင် ပေတယ်ကပြောဆိုခဲ့သည်။

တရုတ်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ကဲ့သို့ COVID-19 ကူးစက်မှုဗဟိုချက်များ၏အတွေ့အကြုံအပေါ် အခြေခံကာ အသက်ရှူအကူစက်များကို ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပေတယ်ကပြောဆိုခဲ့သည်။

တောင်အာဖရိကရှိ COVID-19 လူနာများအနက် ငါးရာခိုင်နှုန်းသည် အသက်ရှူအကူစက်များလိုအပ်နေသည်။

အသက်ရှူအကူစက်များတွင် အစိတ်အပိုင်း၃၀ ခန့်ပါဝင်ပြီး နောက်ဆုံးထုတ်လုပ်မှုကို ကိတ်တောင်းရှိ ဆေးပစ္စည်းကုမ္ပဏီ Akacia Medical ၏ စက်ရုံက ထုတ်လုပ်ခြင်းဖြစ်ကာ ဆေးရုံများသို့ ဖြန့်ချိမည်ဖြစ်သည်။

အသက်ရှူအကူစက်အတွက် လိုအပ်သော အစိတ်အပိုင်းများ ရှားပါးနေကြောင်း ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးဖြစ်သည့် ပီတာ ဘရီယာလေကပြောဆိုခဲ့သည်။

အသက်ရှူအကူစက်ရှိ ဖိအားကို ထိန်းချုပ်ပြီး လူနာအသက်ရှူထုတ်ရာတွင် ကူညီသည့် အဆို့ရှင်လုပ်နိုင်သည့် စက်ရုံတစ်ရုံကို ယခုအပတ်မှသာ ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ဘရီယာလေကပြောဆိုခဲ့သည်။